တောင်ကြီးမြို့နယ် တောင်နီကျေးရွာ အုပ်စုအတွင်းရှိ ပန်းစုံကျေးရွာနှင့် ဆယ်ကြီး ကျေးရွာသို့ ဆက်သွယ်ထားသော ပန်းစုံ-ဆယ်ကြီးကျေးရွာချင်းဆက်စပ် ကျောက်ချောလမ်းကို စည်ပင်သာယာရေး ဌာနက တစ်ဝက် တစ်ပျက်သာခင်းထားသဖြင့် ဒေသခံများ မိုးတွင်းကာလ သွားလာရေးခက်ခဲနေကြောင်း ပန်းစုံ၊ ဆယ်ကြီးဒေသခံများက မဇ္ဈိမကို ပြောသည်။
''မြင်တဲ့အတိုင်းပါပဲ။ လမ်းက တစ်ဝက်တစ်ပျက်ပဲ လုပ်ပေးတော့ ကျွန်တော်တို့ ပန်းစုံကျေးရွာသားတွေရယ်၊ ဆယ်ကြီးကျေးရွာသားတွေ သွားရေးလာရေး ခက်ခဲနေပါတယ်၊ ခင်းပေးတာကတော့ ကျောက်ချောလမ်းပါပဲ၊ တစ်ဝက်ခင်းပြီး ကျေးရွာကျောက်ချောလမ်း ဆိုင်းဘုတ်တော့ တပ်ထားပါတယ်'' ဟု ပန်းစုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦလှထွန်းက ပြောသည်။
အရှည်နှစ်မိုင်ခန့်ရှိသည့် ထိုလမ်းကို စည်ပင်မှ လေးဖာလုံသာ ခင်းပေးထားပြီး တစ်မိုင်နှင့် လေးဖာလုံ ကျန်ရှိနေသေးသည်။ ထိုလမ်းကို ၁၉၉၉ ခုနှစ်တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး မောင်ဘို လက်ထက် တွင် စတင်ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
''လမ်းခင်းပေးတုန်းက ပြောတာကတော့ ကျေးရွာချင်း ကုန်ထုတ်လုပ်မှု လျင်မြန်အောင် ဆက်စပ်ပေးတဲ့ လမ်းလို့ ပြောတာပဲ၊ အခုမပြီးသေးဘူး ကြာနေပြီ''ဟု ဆယ်ကြီး ဒေသခံ ဦးအောင်ကျော်မိုး က ပြောသည်။
ပန်းစုံ၊ ဆယ်ကြီးလမ်းသည် သံတဲကျေး ရွာအုပ်စု၊ သိမ်ကုန်းကျေးရွာ အုပ်စုတို့နှင့်လည်း ဆက်စပ်လျက်ရှိကာ ဆည်ကြီးရေကွဲဆည်နှင့်လည်းဆပ်စက်ပြီး လမ်းအရှည် ၄ ဒသမ ၅ ဖာလုံ ရှိသည်။