လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခွင့်အား ၂၀၁၄ ခုနှစ်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ပေးရန်ဆွေးနွေး နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှတဆင့် သိရသည်။
“နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ပြည်တွင်းရော ပြည်ပပါ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့် ပေးဖို့ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ ဒီနှစ် နွေရာသီမှာ လျှပ်စစ်ဓါတ်အား မလုံလောက်မှုကြောင့် စက်မှုဇုန်တွေကို ၂၄ နာရီလုံး မီးဖြတ်ခဲ့ရပါတယ်။ နောက်နှစ်တွေမှာလည်း စက်မှုဇုန်တွေကို မီး လုံလုံလောက်လောက် ပေးနိုင်တဲ့ အနေအထား မရှိသေးတာကြောင့် နောက်နှစ်က စပြီး ပုဂ္ဂလိကကို ပေးပြီး ဆောင်ရွက်ဖို့ ဆွေးနွေးညှိနှိုင်း ရတာ ဖြစ်ပါတယ်” ဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
လက်ရှိတွင် ညှိနှိုင်းမှုအဆင့်သာ ရှိသေး၍ မည်သည့် သတ်မှတ်ချက်မှ ချမှတ်မှုများ မလုပ်ရသေးကြောင်း သိရသည်။
“ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို လျှပ်စစ်မီး ဖြန့်ဖြူးရောင်းချခွင့် ပေးလိုက်မယ်ဆိုရင် အစိုးရထက် ဝန်ဆောင်မှု ကောင်းဖို့ လိုပါတယ်။ အစိုးရအဖွဲ့တွေထက် ပိုပြီး ပွင့်လင်းမြင်သာဖို့လည်း လိုပါတယ်။ မိမိလုပ်ငန်းနဲ့ ပတ်သက်ပြီး တာဝန်ယူမှု ပိုရှိလာရပါမယ်။ လက်လွှဲပြောင်းပေးပြီးမှ ဂရုမစိုက်ပေးတာ၊ တာဝန်ယူမှု မရှိခဲ့ဘူးဆိုရင် လုပ်ငန်းရှင်တွေအတွက် ပိုပြီး နစ်နာနိုင်ပါတယ်။ ဒါကြောင့် စက်မှုဇုန် လုပ်ငန်းရှင်တွေနဲ့ လျှပ်စစ်မီး ကန်ထရိုက်ကုမ္ပဏီတွေ အကြေအလည် ဆွေးနွေးပြီး ဝန်ဆောင်မှုဆိုင်ရာ ကြိုတင် သဘောတူညီချက်တွေယူဖို့လည်း လိုမယ် ထင်ပါတယ်” ဟု လှိုင်သာယာစက်မှုဇုန်မှ ကုန်ထုတ်လုပ်ငန်းရှင် ဦးအေးထွန်း က အကြံပြု ပြောကြားသည်။