ဦးဝီရသူ၊ မြန်မာ ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ TIME မဂ္ဂဇင်းအား သမ္မတရုံး ကန့်ကွက်

ဦးဝီရသူ၊ မြန်မာ ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ TIME မဂ္ဂဇင်းအား သမ္မတရုံး ကန့်ကွက်
by -
မဇ္စျိမ

Time မဂ္ဂဇင်းတွင် "THE FACE OF BUDDHIST TERROR" ဟု အမည်ပေးထားသော ဆောင်းပါးနှင့် ၎င်းခေါင်းစဉ်ကို မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူအား မျက်နှာဖုံးတွင် ယှဉ်တွဲဖော်ပြမှုကို မြန်မာ သမ္မတရုံးက အင်တာနက် စာမျက်နှာမှ တဆင့် ဇွန်လ ၂၃ ရက်က ကန့်ကွက် လိုက်သည်။

“တိုင်းမ် မဂ္ဂဇင်းပါ ဖော်ပြချက်သည် နှစ်ပေါင်းထောင်ချီ၍ တည်တံ့လာခဲ့ပြီး မြန်မာနိုင်ငံသား အများစု ကိုးကွယ်ရာ ဖြစ်သော ဗုဒ္ဓဘာသာ သာသနာတော်အပေါ် အထင်အမြင်လွဲမှားစေပြီး လက်ရှိ ဆောင်ရွက်နေ သည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင် ကြောင်း တွေ့ရသည်” ဟု သမ္မတ ရုံးက ဆိုသည်။

ယင်းအပြင် မြန်မာနိုင်ငံသည် ဘာသာရေးခွဲခြားမှုမရှိဘဲ လွတ်လပ်စွာ ကိုးကွယ်ခွင့် ပြုထားသော နိုင်ငံဖြစ်ပြီး ခရစ်ယာန် ဘာသာသာသနာ၊ အစ္စလာမ် ဘာသာသာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ကိုးကွယ်ရာ ဘာသာများအဖြစ် အသိအမှတ် ပြုထားကြောင်းလည်း ပါရှိသည်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ အခြေစိုက် ကမ္ဘာကျော် မဂ္ဂဇင်း TIME မဂ္ဂဇင်း၏ ဇွန်လ ၁ ရက်ထုတ် "THE FACE OF BUDDHIST TERROR" ဆောင်းပါးကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ဆောင်းပါးတွင် မြန်မာနိုင်ငံတွင် ဦးဝီရသူသည် အမုန်းတရားများကို ဟောနေသည်ဟု ရေးသားထားပြီး မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်အချို့သည် သွေးဆူနေ သည်ဟုလည်း ဆိုထားသည်။

ဗုဒ္ဓဘာသာသည် မြင့်မြတ်သည့် ငြိမ်းချမ်းရေးကို ရှေ့ရှုသည့် ဘာသာတရားဖြစ်သည်ဟုလည်း သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းအပြင် ၉၆၉ အမှတ်တံဆိပ်သည် ဗုဒ္ဓမြတ်စွာဘုရား၏ ဂုဏ်တော် ၉ ပါး၊ ဗုဒ္ဓတရားတော်၏ ဂုဏ်တော် ၆ ပါး၊ သံဃာတော်၏ ဂုဏ်တော် ၉ ပါးကို ကိုယ်စားပြုသော ရတနာ သုံးပါးကို ရည်ညွှန်းသည့် သင်္ကေတ အမှတ်တံဆိပ်ဖြစ်ပြီး ငြိမ်းချမ်းရေး သင်္ကေတ ဖြစ်သည့်အားလျော်စွာ ဗုဒ္ဓ သာသနာတော်ကို ညှိုးနွမ်းစေနိုင်မည့် နေရာဌာနနှင့် ကိစ္စများတွင် အသုံးမပြုရန် သံဃာ့အဖွဲ့အစည်းများ က မေတ္တာရပ်ခံလျက်ရှိကြောင်း မြန်မာ သမ္မတရုံးက ချေပထားသည်။

Most read this week