နှစ်ဖက် ပြန်သင့်မြတ်ရန် ဒေသဖွံ့ဖြိုးရေး အတူလုပ်စေခြင်းဖြင့် UNDP ကြိုးပမ်းမည်

နှစ်ဖက် ပြန်သင့်မြတ်ရန် ဒေသဖွံ့ဖြိုးရေး အတူလုပ်စေခြင်းဖြင့် UNDP ကြိုးပမ်းမည်
by -
မဇ္စျိမ

ရခိုင်ဒေသ ပဋိပက္ခများကြောင့် ပျက်စီးခဲ့ရသည့် နှစ်ဖက် လူ့အဖွဲ့အစည်းများ ကူးလူးဆက်ဆံ မှု ပြန်လည် ကောင်းမွန်လာစေရန် အောက်ခြေအဆင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အတူတကွ ပူးတွဲလုပ်ကိုင်
စေသည့် နည်းဖြင့် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) တာဝန်ရှိသူက ပြောဆိုလိုက်သည်။

ဇွန်လ ၂၂ ရက်နေ့ မနက်က စစ်တွေမြို့၊ မင်းဘာကြီးလမ်းရှိ UNDP ရုံး၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် UNDP ၏ ပရိုဂရမ်မန်နေဂျာ ဦးသင်းခိုင် က ထိုသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။

“အခု ဖြစ်သွားခဲ့တဲ့ ကိစ္စကြောင့် ပညာရေးဆိုင်ရာ ထိခိုက်မှုတွေ၊ စီးပွားရေးဆိုင်ရာ ထိခိုက်မှုတွေကို မြင်တွေ့ရတယ်။ ဒါကြောင့် အရင်ကလိုမျိုး သင့်သင့်မြတ်မြတ်နဲ့ ခေါ်ပြော ဆက်ဆံနေကြရင် မူလ အနေအထားကို ပြန်ရောက် သွားမယ်ဆိုတဲ့ ရည်ရွယ်လေးသာ ဖြစ်ပါတယ်။ ဒါကိုလည်း ချက်ချင်းကြီး လုပ်တာ မဟုတ်ဘဲ ကျေးရွာတွေမှာကော်မတီတွေ ဖွဲ့မယ်။ သူတို့ ရဲ့ လုပ်ငန်းကို သူတို့ချင်း အကောင် အထည် ဖော်နိုင်အောင် လုပ်ပေးထားတာဖြစ်တယ်။ UNDP ရဲ့ လုပ်ငန်းလို့ ပြောလို့ မရပါဘူး။ သူတို့ဖွဲ့ဖြိုးဖို့အတွက် လုပ်ငန်းသာ ဖြစ်တယ်။ နှစ်ဦးနှစ်ဘက် ဖွံ့ဖြိုးချင်စိတ် ရှိလာကြပြီဆိုမှ လုပ်ကြမှာပါ” ဟု ဦးသင်းခိုင် က ရှင်းပြသည်။

UNDP အစီအစဉ်အရ ၂၀၁၃ ခုနှစ်က ရခိုင်ပြည်နယ်၊ မြို့နယ်တချို့တွင် လမ်းဖောက်ခြင်း၊ တံတားထိုးခြင်းများကို ဂျပန် NGO တခု၏ အကူအညီဖြင့် ဆောင်ရွက်ခဲ့ရာ နှစ်ဖက်လူမျိုးများ ရှိသည့် ရွာများမှ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြသလို ယခုလည်း ယင်းနည်းဖြင့် ပြန်လည်သင့်မြတ်ရေးကို ဖန်တီးပေးခြင်းဖြစ်ကြောင်း ဆိုသည်။

ယခုအစီအစဉ်အား လွန်ခဲ့သည့် နှစ်လခန့်က မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော စသည့်မြို့နယ် များတွင် စတင် လုပ်ကိုင်နေပြီဖြစ်ပြီး လမ်း၊ တံတား ဆောက်လုပ်ခြင်းအပြင် ကျေးလက် ကျန်းမာရေး ကိစ္စရပ်များ ကိုပါ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

မျိုးဆက်အလိုက် ထိတွေ့ဆက်ဆံရေးအတွက် ကလေးများ၏ အခန်းကဏ္ဍလည်း ပါဝင်ကြောင်း UNDP က ဆိုသည်။

“နှစ်ဖက် လူမျိုးနွယ် ကလေးတွေအတွက် ပွဲတော်တွေ လုပ်မယ်။ နှစ်ဦးနှစ်ဖက် အတူတူ ကြည့်လို့ရအောင်ပြဇာတ်တွေကို နှစ်ဖက်ကလေးငယ်တွေ ပါဝင် သရုပ်ဆောင်ခိုင်း မယ်။ အဓိကတော့ ကလေးတွေကနေ မိဘတွေ ကို ပြန်ပြီး နားချပေးလာနိုင်တယ်ပေါ့။ လူကြီးတွေ ရန်ဖြစ်ထားတာကြောင့် ကလေးတွေ မသင့်မြတ်ရဘူးလား၊ ကလေး တွေရဲ့ ဘဝရှေ့ရေးကို မစဉ်းစားတော့ဘူးလား ဆိုတဲ့ မေးခွန်းတွေကို မေးလာ လိမ်မယ်။ အဖေတို့အမေတို့ သင့်မြတ်နေရင် သူတို့လေးတွေအတွက် ရှေ့ရေး ကောင်းတာပေါ့။ နှစ်ဖက် လူငယ် စုပေါင်း လှုပ်ရှားမှုတွေလည်း ပါဝင်လာမယ်” ဟုလည်း ဦးသင်းခိုင် က ဆက်လက် ရှင်းပြသည်။

UNDP ၏ ယခု အစီအစဉ်အပေါ် ဝေဖန်မှုအချို့လည်း ရှိနေသည်။

“ကျနော်တို့ အမြင်အရ ရခိုင်ပဋိပက္ခဟာ ရပ်ရွာအဆင့်ကစတင်တဲ့ သာမန်အရပ်သား ရန်ပွဲ ပြဿနာ မဟုတ်ဘူး။ နယ်မြေလုဖို့ ရည်မှန်းချက်ရှိရှိ စနစ်တကျ ဖန်တီးလာတဲ့အပေါ် ဒေသခံ တိုင်းရင်းသားတွေနဲ့ ထိပ်တိုက်တွေ့တဲ့ပြဿနာလို့ မြင်တယ်။ UNDP အနေနဲ့ နိုင်ငံတကာမှာ ဖြစ်ပွားတဲ့ ပဋိပက္ခ ဖြေရှင်းနည်းတခုကို စမ်းသပ်တဲ့ အပေါ်မှာ စေဒက မတက်လိုပေမယ့် တည်ငြိမ်နေတဲ့ ပြဿနာကို သွားဆွသလို ဖြစ်မှာ စိုးရိမ်မိတယ်” ဟု ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD ရန်ကုန်တိုင်း ဥက္ကဋ္ဌ ဦးလှမြင့် က သုံးသပ်သည်။

ရခိုင်အမျိုးသားကွန်ယက် (ANN) ဥက္ကဋ္ဌ ဦးတင်ထူးအောင် ကလည်း “ရခိုင်တိုင်းရင်းသားတွေ နားလည်ထား တာက ဒီပြဿနာဟာ တိုင်းရင်းသားနဲ့ နိုင်ငံသား မဟုတ်သူများ ကြားက ပြဿနာလို့ အခိုင်အမာ ယုံကြည်နေ တယ်။ပြဿနာကို ဖြေရှင်းမယ်ဆိုရင် 'ဆွဲ၊ တင်၊ စစ်' ကို အမြန်ဆုံး အကောင်အထည် ဖော်ရမယ်။ အဲဒါ ပြီးလို့ရှိရင်ပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်လိမ့် မယ်။ ရပ်ရွာအဆင့် သွားလုပ်ရင် ပိုဆိုးမှာ စိုးရိမ်ရတယ်” ဟု မှတ်ချက်ပေးခဲ့သည်။

UNDP ကမူ ဤအစီအစဉ် ချမှတ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ခွင့်ပြုချက်ဖြင့် နှစ်ဖက် ကျေးရွာများသို့ သွားရောက် မေးမြန်းခဲ့ပြီးမှ စီစဉ်ခဲ့သည်ဟု သိရသည်။

ဒေသဖွံ့ဖြိုးရေး အစီအစဉ်များကို ဒေသခံ NGO အကောင်အထည်ဖော်စေမည်ဖြစ်၍ UNDP ၏ ဝန်ထမ်းအချို့ ကိုလျှော့ချခဲ့ရကြောင်းလည်း “ဒေသဖွံ့ဖြိုးရေးကို လုပ်တဲ့အခါ နောက်လက စပြီး မြို့နယ်တိုင်းမှာ ရုံးတွေ မထားတော့ဘူး။ ဝန်ထမ်း တွေကိုလည်း လျှော့မယ်။ ဒေဆိုင်ရာမှာ ရှိနေတဲ့ NGO အသေးတွေ၊ အဖွဲ့အစည်း တွေ Local NGO တွေ၊ တခြား NGO တွေကို sub contract တွေ ပေးမယ်” ဟု ဦးသင်းခိုင် က ဆိုသည်။

စနေနေ့က ပြုလုပ်သော အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ စစ်တွေမြို့ရှိ ပြည်တွင်း မီဒီယာများမှ သတင်းထောက် ၁၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

လုပ်ငန်း ပူးတွဲဆောင်ရွက်နေစဉ် ပြဿနာ တစုံတရာ ဖြစ်ပွားလာပါက UNDP မှ တာဝန်ယူမည်လား ဟူသော Weekly Eleven သတင်းထောက်၏ အမေးကို ဦးသင်းခိုင် က “အဲသလိုမျိုး ဖြစ်ပွားလာနိုင်မှာ မဟုတ်ဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။

UNDP သည် ၁၉၉၄ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်ကာ လက်မှုလုပ်ငန်းများ၊ အသေးစား အိမ်တွင်း လက်မှုလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ဒုက္ခသည်များအား ကူညီပေးခြင်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ကူညီပံ့ပိုးမှုများ ပြုလုပ်ခဲ့ရာတွင်လည်း ဘာသာမရွေး၊ လူမျိုးမရွေး ကူညီခဲ့သည်ဟု UNDP က ထုတ်ပြန်ထား ခဲ့သည်။

Most read this week