ရိုက်နှက်ခံရသည့် တောင်ကြီးမှ ကလေးငယ် မိဘမဲ့အမျိုးသမီး သင်တန်းကျောင်းပို့မည်

ရိုက်နှက်ခံရသည့် တောင်ကြီးမှ ကလေးငယ် မိဘမဲ့အမျိုးသမီး သင်တန်းကျောင်းပို့မည်
by -
မဇ္စျိမ

ရှမ်းပြည်နယ် တောင်ကြီးမြို့နေ အဒေါ်ဖြစ်သူ၏ ရိုက်နှက်ခြင်းခံရသည့် မိဘမဲ့ကလေးငယ်ကို မိဘမဲ့ အမျိုးသမီးသင်
တန်းကျောင်းသို့ ပို့ဆောင်ပေးမည်ဟု တောင်ကြီးမြို့ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဦးတင်မောင်ရီက မဇ္စျိမကို ပြောသည်။

''ဒီလို နှိပ်စက်ညင်းပမ်းမှု ပြုလုပ်နေတဲ့အုပ်ထိန်းသူတွေနဲ့အတူထားလို့မရပါဘူး။အဲဒီ. အတွက်လည်းလောလော ဆယ်မှာတော့ ကျွန်တော်တို့ ကလေးကို အမျိုးသမီးပရဟိတ ဂေဟာကျောင်းမှာ ယာယီ ထားရှိ ထားပါတယ်၊ ပြီးရင်တော့ မိဘမဲ့အမျိုးသမီး သင်တန်းကျောင်း တစ်ခုခုကို ပို့ဆောင်ပေးသွားမှာ'' ဟု ဦးတင်မောင်ရီက မဇ္စျိမကို ပြောသည်။

ကလေးငယ်မှာ တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် နယ်မြေ ၅ တွင်နေထိုင်သည့်အသက် ခုနစ်နှစ်အရွယ် ပထမတန်းကျောင်းသူ မသက်ထားခင်ဖြစ်သည်။ ကလေးငယ်ကို အဘွားဖြစ်သူနှင့် အဒေါ်ဖြစ်သူတို့က ရိုက်နှက်ခြင်း ဖြစ်သည်ဟုလည်း တောင်ကြီး လူမှုဝန်ထမ်းဦးစီးဌာန ဒုဦးစီး ဒေါ်ချယ်ရီက ပြောသည်။

''ကျောင်းစာ မရလို့ဆိုပြီးတော့ လျှပ်စစ်ဝိုင်ယာကြိုးနဲ့ ရိုက်တာပါ။ အချက်ပေါင်းများစွာ အရိုက်ခံထားရပါတယ် အဲသည့်အတွက် ကျွန်မတို့ဌာနကပဲ တရားလို ပြုလုပ်ပြီးတော့ တိုင်ကြားအမှု ဖွင့်ထားပါတယ်'' ဟု ပြောသည်။

ကလေးငယ်မှာ ကျောပြင်၊ တင်ပါး၊ အရှေ့ရင်ဘတ်၊ လက်မောင်းတို့တွင် ဒဏ်များ ရရှိထားသည်။