KNPP နှင့် အစိုးရ သဘောတူညီမှု တချို့ရ၊ တပ်ပိုင်းဆိုင်ရာ ဆက်ဆွေးနွေးမည်

KNPP နှင့် အစိုးရ သဘောတူညီမှု တချို့ရ၊ တပ်ပိုင်းဆိုင်ရာ ဆက်ဆွေးနွေးမည်
by -
မဇ္စျိမ

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီတို့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ပထမနေ့တွင် သဘောတူညီမှု တချို့ ရရှိသော်လည်း တပ်ပိုင်းဆိုင်ရာ ကိစ္စများကို ဆက်လက် ဆွေးနွေးသွားနေဆဲဟု နှစ်ဖက် ကိုယ်စားလှယ်များကပြောသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် တပ်နယ်ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီကျော်ထိ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

“ဒီနေ့က အပိုင်း ၈ ပိုင်းခွဲပြီး ဆွေးနွေးခဲ့တယ်။ သဘောတူညီချက်ရတာတွေ ရှိတယ်။ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေတော့ တပ် သွားလာလှုပ်ရှားတာတွေ၊ နေရာချတာတွေနဲ့ ပတ်သက်လို့ တံခါးပိတ် ဆွေးနွေးတယ်။ တပ်ပိုင်းဆိုင်ရာကိစ္စက မပြီးပြတ်သေးဘူး။ မနက်ဖြန် ဆက်ဆွေးနွေးရမယ်” ဟု KNPP အတွင်းရေးမှူး (၁) ဦးအောင်ဆန်းမြင့် က ပြောသည်။

အပစ်အခတ် ရပ်စဲရေးကို လေ့လာစောင့်ကြည့်ရန် ပူးတွဲကော်မတီ ဖွဲ့စည်းရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွင် KNPP နှင့် NGO များ ပူးပေါင်းဆောင်ရွက်ရန်၊ IDP ဒုက္ခသည်များ ပြန်လည် နေရာချထားရေးနှင့် ပတ်သက်၍ အကူအညီ ပေးရန်၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သွားရန် တို့ကို သဘောတူညီမှုများ ရခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“စစ်ပိုင်းဆိုင်ရာ အကြီးအကဲတွေ တက်ရောက်တော့ ဆွေးနွေးပွဲ အရင်ထက်တော့ အားရတာပေါ့။ တချို့ အချက်တွေ သဘောတူညီချက် ရတာပေါ့။ တချို့လည်း မရသေးဘူးဆိုတော့ တဝက်တဝက်ပေါ့” ဟု မဇ္စျိမကို ပြောသည်။

KNPP ဘက်မှ ငြိမ်းချမ်းရေးဖြစ်စဉ်ကို စောင့်ကြည့်မည့်အဖွဲ့ ထားရှိရေး၊ တပ်ပိုင်းဆိုင်ရာကိစ္စ၊ အကြီးစား စီမံကိန်းများကိစ္စ၊ IDP ကူညီရန်၊ မြေမြှုပ်မိုင်းရှင်းလင်းရန်နှင့် ဒေသ ဖွံ့ဖြိုးရေးအတွက် ကျန်းမာရေး၊ ပညာရေး စသည့် အချက် ၆ ချက်ကို တင်ပြခဲ့ဆွေးနွေးခဲ့သည်။

အစိုးရဘက်ကလည်း နိုင်ငံရေး ဆက်လက် ဆွေးနွေးရေး၊ အပစ်ရပ် စောင့်ကြည့်လေ့လာရေး၊ IDP အရေး၊ ဖွံ့ဖြိုးရေး ကိစ္စများ အပါအဝင် အချက် ၄ ချက်ကို ဆွေးနွေးတင်ပြခဲ့သည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ
မြန်မာ ငြိမ်းချမ်းရေးစင်တာ (MPC) ဦးလှမောင်ရွှေ က ပြောသည်။

“အစိုးရဘက်က ၄ ခုလောက်ရှိတယ်။ KNPP ဘက်က ဆွေးနွေးတာက ၆ ခုရှိတယ်။ ခု ဆွေးနွေးတာ တဖြည်းဖြည်းနဲ့ ပိုပြီး မြန်ဆန်လာတယ်။ မနက်ဖြန်တော့ သဘောတူညီချက်တချို့ လက်မှတ်ရေးထိုးနိုင်မယ်လို့ ယုံကြည်တယ်” ဟု မဇ္စျိမကို ပြောသည်။

ဆွေးနွေးပွဲသို့ ဒစက (၂)မှူး ဗိုလ်ချုပ်ကြီး အောင်သိန်းထွဋ် တက်ရောက်ခဲ့ခြင်းမှာ ထူးခြားသည့် ဆွေးနွေးပွဲဖြစ် သည်ဟု ဦးလှမောင်ရွှေ က ပြောသည်။

လူဦးရေ ၃ သိန်းခန့်သာ ရှိသော ကယားပြည်နယ်တွင် ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ တပ်ရင်း ၁၄ ရင်း၊ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် စကခ ရ လက်အောက်ခံ တပ်ရင်း ၃ ရင်းနှင့် တပ်မ ၅၅ လက်အောက်ခံ တပ်ရင်း ရ ရင်း စုစုပေါင်း တပ်ရင်း တပ်ရင်း ၂၄ ရင်း တပ်စွဲထားသည့်ကိစ္စကို အကြေအလည်
ဆွေးနွေးရန် လိုအပ်သည်ဟု KNPP က မဇ္စျိမကို ပြောဆိုထားသည်။

ယနေ့ ဆွေးနွေးပွဲသို့ KNPP ဒု-ဥက္ကဋ္ဌ ခူးဦးရယ်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူး၊ တွဲဘက် အတွင်းရေးမှူး (၁) ဦးအောင်ဆန်းမြင့်၊ တွဲဘက်အတွင်းရေးမှူး (၂) ဦးရွှေမျိုးသန့်တို့ ဦးဆောင်သည့် ကိုယ်စားလှယ် ၁၀ ဦးကျော် တက်ရောက်ခဲ့သည်။

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရ ငြိမ်းချမ်ရေး ဆွေးနွေးရေးအဖွဲ့တွင် ပြည်နယ် ဝန်ကြီးများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။

ဇွန် ၂၀ ရက်နေ့ နံနက်တွင် တပ်ပိုင်းဆိုင်ရာနှင့် နိုင်ငံရေးကိစ္စများ ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဦးအောင်ဆန်းမြင့် က ပြောသည်။

ဇွန် ၂၁ ရက်နေ့တွင် ကျရောက်မည့် ၁၃၈ နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားကို ဒီမောဆိုးမြို့နယ် ဆိုဘောသဲ ကျေးရွာတွင် ကျင်းပမည်ဖြစ်ရာ အစိုးရ ဝန်ကြီးများလည်း တက်ရောက်မည်ဟု သိရသည်။  

KNPP သည် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး အချက် ၁၄ ချက်ပါ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်။

Most read this week