မန္တလေး ပန်တျာကျောင်း ပြောင်းရွှေ့မည်ကို အနုပညာရှင်နှင့် မြို့ခံများ စိုးရိ်မ်

မန္တလေး ပန်တျာကျောင်း ပြောင်းရွှေ့မည်ကို အနုပညာရှင်နှင့် မြို့ခံများ စိုးရိ်မ်
by -
မဇ္စျိမ

၁၉၅၃ ခုနှစ်ခန့်မှ စတင်ဖွင့်လှစ်ခဲ့သော မန္တလေးပန်တျာကျောင်းအား ရွှေစာရံသို့ပြောင်းရွှေ့မည်ဆိုသည့် သတင်းများ ထွက်ပေါ်လာခြင်းကြောင့် မန္တလေးမြို့ခံများနှင့် အနုပညာရှင်များ စိုးရိမ်နေကြကြောင်း သိရှိရသည်။

''ပန်တျာကျောင်းရွေ့မယ်ဆိုတာ အနုပညာသမိုင်းကို ရိုက်ချိုးလိုက်တာနဲ့ အတူတူပဲ။ သမိုင်းကို ဖျောက်တာအပြင် ပညာကို ပါ ဖျောက်နေတယ်။ ပန်တျာကျောင်းကို အနုပညာ အထက်တန်းကျောင်းလို့ ပြောင်းလိုက်ကတည်းက ရင်ထဲကို အောင့်နေအောင်ခံစားရတယ်။ ဝန်ထမ်းဆိုတော့လည်း မပြောရဲဘူး။ အကြောက်တရားအောက်မှာ နေခဲ့ကြရတော့ ဘယ်သူ့မှ မပြောရဲကြဘူး။အခု ပန်တျာကျောင်းကြီးပါ ရွှေ့မယ်ဆိုတော့ ဘယ်လိုမှမဖြစ်သင့်ပါဘူး'' ဟု အမည်မဖေါ်လိုသူ အနုပညာအထက်တန်းကျောင်းမှ နည်းပြ တစ်ဦးက မဇ္စျိမကို ပြောသည်။

လက်ရှိ ယင်းကျောင်းတွင် တာဝန်ထမ်းဆောင်နေကြသောမှ ဆရာများနှင့် အနုပညာရှင်များက မပြောင်းရွှေ့ လိုကြောင်း မဇ္စျိမ သို့ ပြောသည်။

''ရွှေ့မယ်ဆိုတာတော့ ဟုတ်တယ်။ ဘယ်နေ့ ဘယ်ရက်လို့တော့ ညွှန်ကြားထားတာ မရှိဘူး။ လူကြီးတွေရဲ့ ရည်ရွယ်ချက်က ကောင်းပါတယ်။ အထက်တန်းကျောင်း တက်နေတဲ့ ကလေးတွေ ယဉ်ကျေးမှုတက္ကသိုလ်နဲ့ နီးတော့ ကျွန်တော်တို့ကတော့ ရွှေ့ပါလို့လည်း မပြောဘူး။ မရွှေ့ပါနဲ့လို့လည်း မပြောဘူး'' ဟု အနုပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်သန်းက မဇ္စျိမသို့ ပြောသည်။

''ပြောင်းမယ်ဆိုတဲ့ သတင်းထွက်လာတော့ ခံစားရတာပေါ့ကွာ။ အနုပညာလောကမှာ ပန်တျာဆိုတာ အရှိန်အဝါပုံနဲ့ ရပ်တည်နေတာ ကျောက်စာဝန်ဦးမြသမိုင်း ကော်မရှင် ဦးမောင်မောင်တင်၊ မြို့မငြိမ်း၊ ဦးဘငြိမ်း၊ ဦးသန်းထွန်း၊ သခင်ကိုယ်တော်မှိုင်းနဲ့ မင်းသုဝဏ်တို့က သမိုင်းစဉ်ကိုလိုက်၊ ပုဂံမှာရှိတဲ့ ကျောက်စာတွေကို လိုက်ရှာပြီး သုတေသနလုပ်ပြီးမှ ပေးထားခဲ့ကြတာ သူ့မှာ ဆို၊ က၊ ရေး၊ တီး အဓိပ္ပါယ်အပြည့်ပါတယ်။ အဆင့်နိမ့်လို့ အနုပညာအထက်တန်းကျောင်းဆို ပြောင်းလိုက်တော့ ဘယ်လိုမှ မသင့်တော်ဘူး။ ဒါပေမဲ့ ဘာမှမပြောခဲ့ဘူး။ လူကြီးတွေက ကောင်း အောင်စီစဉ်တာလေ အခုကိစ္စက ပန်တျာကို လုံးဝဖျောက်သလိုဖြစ်မှာတော့ မကောင်းဘူး။ နည်းနည်းတော့ စဉ်းစားသင့်တယ်'' ဟု ဘဘ ဦးသန်းအောင် (မန်း ပန်တျာ) က မဇ္စျိမ ကို ပြောသည်။

ယခင်က မန္တလေးပန်တျာကျောင်းကို နောက်ပိုင်း အနုပညာအထက်တန်းကျောင်း (ပန်တျာ)အဖြစ် အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။

''ကျွန်တော်တို့ရဲ့ အောင်မြေပါ။ ဒီပန်တျာကျောင်းက မွေးထုတ်ပေးလိုက်လို့ ဇာတ်သဘင်လောကမှာ နေရာနဲ့ ရပ်တည်ခွင့်ရနေတယ်။ ကျွန်တော်တို့ရှေ့က နောင်တော်ကြီးတွေလည်း ဒီပန်တျာကျောင်းအရိပ်ကို ခိုလုံရတယ်။ ပန်တျာကိုတော့ ဒီအတိုင်းထားစေချင်တယ်'' ဟု ပန်တျာကျောင်းဆင်း နာမည်ကျော် မင်းသားတစ်ဦးက မဇ္စျိမကို ပြောသည်။

စာချ၊ ဓမ္မကထိက စာရေးဆရာ ဆရာတော်တစ်ဦးကလည်း ''ဒါဘယ်လိုမှ လက်ခံလို့ မရဘူး။ ဒီလိုပဲ သမိုင်းတွေကို လိုက်ဖျောက်နေတာမှာလား။ တခြားနည်းနဲ့ပဲ အဆင့်မြင့်တင်သင့်တယ်။ ဒီနေရာက ကျုံ့ဆိုးတယ် မန္တလေးမှာပဲ ပန်တျာကျောင်းကြီး မရှိတော့ရင် ဒီနေရာကို ဘာလုပ်ကြမှာလဲ၊ ဒါရိုးရိုး လေးတွေးတာနော်'' ဟု မဇ္စျိမကို မိန့်သည်။

ပန်တျာကျောင်းအုပ်ကြီး ဦးအောင်သက်ထွန်းကမူ ပြောင်းဖို့ရွှေ့ဖို့ ညွှန်ကြားထားခြင်း မရှိသေးကြောင်း ထွက်ပေါ် လျက်ရှိသည့် သတင်းနှင့် ပတ်သက်ပြီး မဇ္စျိမသို့ တုံ့ပြန်ပြောကြားခဲ့သည်။

အတိအကျသိချင်ရင်တော့ နေပြည်တော်ယဉ်ကျေးမှုဝန်ကြီးဌာနကို သွားရောက်မေးမြန်းပါဟု အနုပညာဦးစီးအရ လ/ထ ညွှန်မှူး ဦးခင်မောင်သန်းမှ မဇ္စျိမကိုပြောသည်။

ပန်တျာကျောင်း ပြောင်းရွှေ့ရမည်ဟု သေချာမသေချာကို အတည်ပြုနိုင်ရန် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးထံ အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းကိုင်ခြင်း မရှိခဲ့ပါ။

Most read this week