ဆီးဂိမ်းအတွက် အားကစားရုံ အောက်တိုဘာလ အပြီးဆောက်ရန်စီစဉ်

ဆီးဂိမ်းအတွက် အားကစားရုံ အောက်တိုဘာလ အပြီးဆောက်ရန်စီစဉ်
by -
မဇ္စျိမ

လာမည့် ဒီဇင်ဘာလတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်ရှိသည့် ဆီးဂိမ်း (အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ) အတွက် မန္တလေးမြို့တွင် တည်ဆောက်နေသည့် နိုင်ငံတကာ အဆင့်မီဘောလုံးကွင်းနှင့် ဘက်စုံအားကစားကွင်း ကို အောက်တိုဘာလတွင် အပြီးတည်ဆောက်မည်ဟု ယင်းဆောက်လုပ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

ယခုလောလောဆယ် ဆောက်လုပ်ရေး၏ ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်ဟုလည်းမက်စ်မြန်မာဆောက် လုပ်ရေး မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းကပင် ''အားကစားရုံတွေနဲ့ အမိုးတွေကို တပ်နေတယ်။ ပွဲကြည့်စင် ထိုင်ခုံတွေလည်း တပ်နေတယ်။ ပြေးလမ်းဖောက်နေတယ်။ ဘောလုံးကွင်းအတွက် မြက်တွေ စိုက်နေတယ်။ လျှပ်စစ်၊ ဓါတ်လှေခါးနဲ့ မိလ္လာနဲ့ ရေသန့်၊ လျှပ်စစ်ပိုင်းတွေ သူ့ဟာနဲ့ သူလုပ်နေပါတယ်'' ဟု မဇ္စျိမသို့ ပြောကြားသည်။

အခြားဆောက်လုပ် ရေးတာဝန်ခံတစ်ဦးက ပြောချက်အရ ခြံစည်းရိုးအုတ်နံရံ တည်ဆောက်ခြင်းနှင့် ကွင်းပတ်လမ်း များ ဖောက်လုပ်နေကြောင်း ယခုလကုန်လျှင် ၈၈ ရာခိုင်နှုန်း ပြီးစီးလိမ့်မည် ဖြစ်သည်ဟုလည်း သိရှိရသည်။

ယင်းဘောလုံးကွင်းနှင့် ဘက်စုံအားကစားကွင်းတွင် အကျယ် ၃၂ ပေ၊ အရှည်ပေ ၄ဝဝ ရှိပြေးလမ်း၊ အဆင့် သုံးဆင့်ပါ ပွဲကြည့်စင်၊ အစည်းအဝေးခန်းမ၊ အားကစားလေ့ကျင့်ရေးခန်းမ၊ နည်းပြများ နားနေဆောင်၊ အားကစားသမားများ နားနေဆောင်နှင့် ကားရပ်နားရန်နေရာများပါဝင်ပြီး ပရိသတ်သုံးသောင်းဆန့်မည့် ကစားကွင်းဖြစ်သည်ဟု ဆောက်လုပ်ရေးကုမ္ပဏီမှ ပြောဆိုသည်။

အဆိုပါ စီမံကိန်းကို မက်စ်မြန်မာ ကုမ္ပဏီက တရုတ်ပညာရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ၂ဝ၁၁ ခုနှစ်မှ စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဆယ်စုနှစ်အတန်ကြာအတွင်း အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးအကြိမ် ယခုနှစ်ကုန်တွင် ပြန်လည်ကျင်းပမည် ဖြစ်သည်။

Most read this week