မန္တလေးမြို့ ၂၉ လမ်း စျေး (ကိုင်းတန်း ညစျေး) မပြောင်းရွှေ့ရေး ဆန္ဒပြသူများထဲမှ ခုနစ်ဦးကို တရားရုံးက ပြစ်ဒဏ် အသီးသီး ချမှတ်လိုက်ကြောင်း စျေးသ၊ူ စျေးသားများဘက်မှ လိုက်ပါဆောင်ရွက်သူ ရှေ့နေ ဦးမြင့်သွင် ထံမှ သိရသည်။
စျေးသူ၊ စျေးသားများက စျေးမရွှေ့ပြောင်းရေး ဆန္ဒပြရန် စာတင်ထားသော်လည်း ခွင့်ပြုချက်မကျမီ တစ်ချိန်တည်း တွင် အာဏာပိုင်များက စျေးရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။ ယင်းအတွက် သွားရောက် ပြောဆိုသူများကို ဇွန်လ ၁၂ ရက်က မန္တလေးမြို့၊ ချမ်းအေးသာစံတရားရုံးမှ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ် သည်။
ဦးမြင့်သွင်က '' အာဏာပိုင်အဖွဲ့အစည်းကလည်း ဥပဒေစိုးမိုးတယ် ဆိုတာပြချင်တာပေါ့။ တကယ်တမ်းက တော့ စျေးသူစျေးသားတွေကလည်း သူတို့ ခံစားရတာကို မြို့တော်ဝန်ဆီကို သွားပြောတာ။ သူတို့ကလည်း ဆန္ဒပြဖို့ စာတင်ပြီးသားပါ။ စျေးရွှေ့တဲ့အချိန်၊ စာတင်ထားတာ မကျသေးခင်မှာ မြို့တော်ဝန်ဆီသွားပြောတာ၊ ဆန္ဒပြတဲ့ အစီအစဉ်တော့ မဟုတ်ဘူးပေါ့။ အာဏာပိုင် အဖွဲ့အစည်းက ယူဆမယ်ဆိုရင်တော့ ဆန္ဒပြသလို ဖြစ်တယ်လို့ ယူဆလို့ရတယ်။ အမှန်ကတော့ စျေးသူစျေးသားတွေ စုပြီးတော့ မြို့တော်ဝန်ဆီသွားပြောတာ'' ဟု အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရှင်းပြသည်။
ထိုစျေးမပြောင်းရွှေ့ရေး အဖြစ်အပျက်သည် ပြီးခဲ့သည့် ၂ဝ၁၂ခုနှစ် သြဂုတ်လပိုင်းက ဖြစ်ပွားခဲ့သည့် အမှုဖြစ်သည်။ မန္တလေးမြို့ ချမ်းအေးသာစံ တရာရုံးမှ ယင်းဖြစ်ရပ်တွင် ပါဝင်သော ကိုညီညီကျော်၊ မနီနီအောင်၊ မသဲသဲ၊ မလွင်လွင်ဦး တို့အား ပုဒ်မ ၁၈ (ခွင့်ပြုမိန့်မယူဘဲ ဆန္ဒပြမှု)ဖြင့် ထောင်ဒဏ် သုံးလ၊ ဦးစိန်အောင်၊ ဦးအေးသိန်း၊ ဦးဝင်းဆွေမြင့်တို့အား ခွင့်ပြုမိန့် မယူဘဲ ဆန္ဒပြမှု၊ ပတ်ဝန်းကျင်အား ထိတ်လန့်စေမှု ပုဒ်မ ၅ဝ၅ (ခ)တို့ဖြင့် ထောင် တစ်နှစ်နှင့် သုံးလ ပြစ်ဒဏ် အသီးသီး ချမှတ်လိုက်သည်။
တိုင်းပြည်တိုးတက်ရေးအတွက် တရားဥပဒေစိုးမိုးရန် အုပ်ချုပ်သူရော၊ အုပ်ချုပ်ခံလူများသည် ဥပဒေအား နှစ်ဖက် စလုံးမှ လေးစာလိုက်နာရန် လိုအပ်ကြောင်းကို လည်း'' ဥပဒေကို လိုက်နာရမယ်၊ သိအောင်လုပ် ရမယ်လေ၊ တစ်ဖက်နဲ့ တစ်ဖက်လည်း လေးစားနေရမယ်လေ။ နိုင်ငံသားတွေကို ဥပဒေသိအောင် လေ့ကျင့်ပေးပြီးမှ ဥပဒေစိုးမိုးတယ်ဆိုတာပြတာ ပိုကောင်းတာပေါ့၊ ဥပဒေကို နားမလည်သေးချိန်မှာ ဥပဒေစိုးမိုးတယ်ဆိုပြီး ပြတာက ဥပဒေနားမလည်ရင် နိုင်ငံသားတွေ နစ်နာသွားနိုင်တာပေါ့'' ဟု ရှေ့နေဦးမြင့်သွင်က ဖြည့်စွက်ပြောဆိုသည်။
ပြစ်ဒဏ်ချမှတ်ခံရသည့်အထဲမှ အမျိုးသမီးတစ်ဦးမှာ မကြာမီကမှ မီးဖွားထားသူဖြစ်သည်ဟုလည်း သိရသည်။