တကိုယ်တော် ဆန္ဒပြတောင်းဆိုမှုကြောင့် ဆေးရုံနှစ်ခုအတွက် ဆရာဝန်များ ချထားပေးလိုက်

တကိုယ်တော် ဆန္ဒပြတောင်းဆိုမှုကြောင့် ဆေးရုံနှစ်ခုအတွက် ဆရာဝန်များ ချထားပေးလိုက်
by -
မဇ္စျိမ

တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်တဦးက ဒေသဆေးရုံ၌ ဆရာဝန်ချပေးရန် တကိုယ် ဆန္ဒပြတောင်းဆိုမှုအပြီး နောက်တနေ့၌ သက်ဆိုင်ရာက လိုက်လျောပေးလိုက် ကြောင်း NLD ဗဟိုကော်မတီဝင်၊ တောင်ကုတ်မြို့့နယ် အတွင်းရေးမှူး ဦးမင်းအောင် က မဇ္စျိမကို ပြောသည်။

ဇွန်လ ၉ ရက်နေ့ မနက် ၈ နာရီမှ ၉ နာရီထိ တနာရီကြာ တကိုယ်တော်ဆန္ဒပြမှုကို မအီမြို့မှ NLD အဖွဲ့ဝင် ကိုမင်းကြည် က ပြုလုပ်ခဲ့အပြီး ဇွန်လ ၁၀ ရက်နေ့တွင် ပြည်နယ် ကျန်းမာရေးဌာနက တောင်ကုတ်မြို့နယ် အတွင်းရှိ မအီမြို့နှင့် ရွာမ တိုက်နယ်ဆေးရုံများအတွက် ဆရာဝန်များကို တာဝန်ပေး စေလွှတ်ခဲ့ကြောင်း ဦးမင်းအောင် က ပြောသည်။

“‘မအီမြို့နယ်ခွဲအတွက် ဆရာဝန်ကြွလာပါရန်’ စာတမ်းကိုင်ပြီး မအီမြို့ဆေးရုံရှေ့မှာ တကိုယ်တော် ဆန္ဒပြခဲ့တယ်။ ဇွန် ၁၀ မှာ သူတောင်းဆိုတဲ့ မအီမြို့ ဆေးရုံအတွက်ရော တောင်ကုတ်၊ ရွာမဆေးရုံအတွက်ပါ ဆရာဝန်တွေကို ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ချပေးလိုက်တယ်။ ဇွန် ၁၁ ရက်နေ့ ညနေပိုင်းမှာ တာဝန်ကျ ဆရာဝန်တွေဟာ သက်ဆိုင်ရာ ဆေးရုံတွေကို ရောက်သွားကြပြီ” ဟု ဦးမင်းအောင် က ရှင်းပြသည်။

လတ်တလော လျာထား ချထားပေးသော ဆရာဝန်နှစ်ဦးမှာ မအီမြို့ဆေးရုံအတွက် ဒေါက်တာထက်ပိုင်စိုးနှင့် ရွာမတိုက်နယ် ဆေးရုံအတွက် ဒေါက်တာအောင်နိုင်စိုးတို့ ဖြစ်ကြောင်း သိရသည်။

တာဝန်ပေးခန့်အပ်ရန် လျာထားဆရာဝန်များမှာ လက်ရှိ သင်တန်းတက် နေဆဲဖြစ်ပြီး အရေးပေါ် လိုအပ်ချက် အရ တောင်းဆိုမှုကို လိုက်လျောသည့်အနေဖြင့် ဖြည့်ဆည်းပေးထားခြင်း ဖြစ်သည်ဟု မြို့နယ်ကျန်းရေးဌာနမှ ဝန်ထမ်းတဦးက ဆိုသည်။

မအီမြို့မှာ တောင်ကုတ်မြို့မှ ၄၈ မိုင်အကွာ ကျောက်ဖြူ-ရန်ကုန်ကားလမ်းပေါ်တွင် တည်ရှိပြီး မအီဆေးရုံ၌ ဆရာဝန် ကင်းမဲ့နေသည်မှာ ၈ လခန့်ရှိနေပြီဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

တကိုယ်တော်ဆန္ဒပြခဲ့သူ ကိုမင်းကြည် အား သက်ဆိုင်ရာမှ ခွင့်ပြုချက်မဲ့ ဆန္ဒပြမှု ပုဒ်မ ၁၈ အရ အရေးယူခြင်း မရှိသော်လည်း တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ဝန်ခံကတိ လက်မှတ်ထိုးခဲ့ရသေးသည်ဟု ဦးမင်းအောင် က ပြောဆိုသည်။

“မြို့နယ်မှူးက နောက်ထပ် ခွင့်ပြုချက်မဲ့ မလုပ်ပါကြောင်း ဝန်ခံချက်လက်မှတ်ထိုးခဲ့တယ်။ ကျနော့်ကို သက်သေအဖြစ် မြို့နယ်မှူးက လက်မှတ်ရေးထိုးစေခဲ့တယ်။ ပုဒ်မ ၁၈ အရ အရေးယူမှာ မဟုတ်သလို အာမခံလည်း မဟုတ်ဘူး။ NLD အဖွဲ့ဝင်တဦး ဖြစ်တာကြောင့် အသိသက်သေအဖြစ် လက်မှတ်ထိုးခြင်းဖြစ် တယ်လို့ မြို့နယ်မှူးက ကျနော့်ကိုပြောတယ်” ဟု ဆိုသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မအီမြို့ခံ NLD သံတွဲခရိုင်ကော်မတီဝင် ဦးဝင်းမြင့်က “ပြည်သူတွေအနေနဲ့ ကိုယ့်အခွင့်အရေးကိုယ် သိပြီး ငြိမ်းချမ်းစွာ ထုတ်ဖော်တောင်းဆိုရဲတဲ့ သတ္တိတွေရှိ ဖို့လိုပါတယ်။ ဒီအတွက် ကိုမင်းကြည်က နမူနာပြ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်”ဟုမှတ်ချက်ပြုသည်။

Most read this week