စက်သုံးဆီ အရောများ ရောင်းချ၍ စျေးမြင့် ကားများ အင်ဂျင် ထိခိုက်

စက်သုံးဆီ အရောများ ရောင်းချ၍ စျေးမြင့် ကားများ အင်ဂျင် ထိခိုက်
by -
မဇ္စျိမ

ပုဂ္ဂလိက စက်သုံးဆီ စျေးကွက်အတွင်းရှိ ဆိုင်အချို့သည် ချက်ဆီများ ရောနှောရောင်းချခြင်းနှင့် ပြည်ပမှ တင်သွင်းသည့် အောက်တိန်းဆီ (အဆင့်မြင့်ဓာတ်ဆီ) များ တွင် ပြည်တွင်းထုတ် ဓာတ်ဆီများ ရောနှော ရောင်းချခြင်းများ ရှိနေသဖြင့် တန်ဖိုးမြင့်ကားများမှာ အင်ဂျင်ပိုင်း၊ စက်ပိုင်း ပြဿနာ များနှင့် ကြံုတွေ့နေရကြောင်း ကားပိုင်ရှင်များက ပြောသည်။

“ပုဂ္ဂလိက အချို့ဆိုင်တွေမှာ ချက်ဆီတွေ ရောနှောရောင်တဲ့အတွက် မော်တော်ယာဉ် စက်ချို့ယွင်းခြင်းနဲ့ စက်နှိုးရတာ ခက်ခဲမှုတွေ ကြံုလာရပါတယ်” ဟု စျေးမြင့်ကား ဝယ်ယူ မောင်းနှင်နေ သူ ဒေါ်ကြည်ကြည် က ပြောသည်။

တန်ဖိုးကြီး ကားများအနေနှင့် အောက်တိန်းဆီများကိ်ုသာ ဝယ်ယူ အသုံးပြုရသဖြင့် ဆီ အရောအနှောများ ရှိနေ၍ မော်တော်ယာဉ်များတွင် ပြဿနာများ ကြံုနေရသည်မှာ ကာလ အတော်ကြာခဲ့ပြီဟု ဆိုသည်။

“ကျနော့်ကားမှာ ဝယ်သုံးမိတဲ့ အဆင့်မြင့်ဓာတ်ဆီဆိုရင် ပြည်တွင်းထုတ် ဓာတ်ဆီတွေနဲ့ ရောရောင်းတာ မိလိုက်တယ်။ ကားက အင်ဂျင်ပိုင်း ထိသွားတယ်။ ပြန်ပြင်တာ ၃၈ သိန်းလောက် ကုန်သွားပြီ။ ဒါတောင် မကောင်းသေးဘူး” ဟု ပါးကျဲရိုး-(ဖါးပြုတ်)ဝယ်ယူ မောင်းနှင်သူ ဦးမောင်မြင့် က ဆိုသည်။

စက်သုံးဆီ အရောများကြောင့် ထိုသို့ ြဿနာကြီးများအပြင် ပလပ်၊ ဂီယာ စသည်ဖြင့် ပြဿနာအသေးများ ကြံုရသူများလည်း ရှိနေသည်။

“စက်သုံးဆီ အရောကိစ္စတွေက မလုပ်သင့်ပါဘူး။ စက်သုံးဆီဆိုင်တွေက ရိုးရိုးရောင်းလည်း မြတ်နေပြီး သားပါ။ စက်သုံး ဆီဆိုင်တွေကို ဂါလန် မပြည့်တာကို စစ်ဆေးအရေးယူသလို ဆီ အရောအနှောတွေလည်း စိစစ်သင့်ပါတယ်” ဟု မော်တော်ယာဉ် ထုတ်လုပ်သူများနှင့် တင်သွင်း ရောင်းချသူများ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ဝင်း က ပြောသည်။

မမှန်ကန်သော ကုန်ပစ္စည်းများနှင့် အရည်အသွေးမမီသော ကုန်စည်များ စျေးကွက်တွင်း ဝင်မလာရေး အတွက် မိုဘိုင်းအဖွဲ့များဖြင့် ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးက မေလ ၃၁ ရက်နေ့တွင် ပြောဆိုထားသည်။