'ဝ' ဒေသရှိ စိုက်ခင်းများ ဘိန်းခင်းဟု စွပ်စွဲမှု စားတော်ပဲပင်သာဖြစ်ကြောင်း 'ဝ' တာဝန်ခံပြော

'ဝ' ဒေသရှိ စိုက်ခင်းများ ဘိန်းခင်းဟု စွပ်စွဲမှု စားတော်ပဲပင်သာဖြစ်ကြောင်း 'ဝ' တာဝန်ခံပြော
by -
မဇ္စျိမ

'ဝ' ဒေသကို ဂြိုဟ်တုမှ ရိုက်ကူးကာ ဘိန်းခင်းအဖြစ် ဖေါ်ပြနေသည်မှာ မှားယွင်းနေသည်ဟု ဆိုလိုက်ပြီး အဆိုပါ စိုက်ခင်းများမှာ စားတော်ပဲပင်များသာ ဖြစ်သည်ဟု 'ဝ' ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ပြင်ပ ဆက်ဆံရး တာဝန်ခံ ဒုဌာနမှူး ဦးဆမ်ခွန်း က မဇ္စျိမကို ပြောသည်။

''ကျွန်တော်တို့ဒေသမှာ ဘိန်းတွေ တင်သွင်းနေတယ်။ စိုက်နေတယ်ဆိုပြီးတော့ နိုင်ငံတကာမီဒီယာကနေပြော ဆိုနေတာတွေ ရှိတယ်။ ဒါတွေက လုံးဝ မမှန်ကန်ပါဘူး။ အခုဂြိုလ်တုကနေ ကျွန်တော်တို့ ဒေသကို ရိုက်ပြတဲ့ ပုံတွေက အမှန်တကယ် ဘိန်းပင် မဟုတ်ပါဘူး။ စားတော်ပဲပင်တွေပါ'' ဟု မဇ္စျိမကို ပြောသည်။

ထို့အပြင် 'ဝ' ဒေသသည် ဘိန်းစိုက်ပျိုးမှု ပပျောက်ဒေသဖြစ်ပြီး ဘိန်းနှင့်ပတ်သက်၍ ပြင်းထန်သည့် အပြစ်ပေးမှုများပြုလုပ်လျက် ရှိသည်ဟုလည်း သူကဆိုသည်။ ''ကျွန်တော်တို့ နယ်အတွင်းမှာ ဘိန်းပင် တစ်ပင်ရှိရင်တွေ့ခဲ့ရင်ခေါင်းကို အာမခံ ထားပါတယ်။ ခေါင်းဖြတ်ပါဆိုပြီးတော့ ပြောတာပါ။ ကျွန်တော်တို့ ဒေသမှာနေပြီး ဘိန်းစိုက် တဲ့သူရှိရင်လညး် ထိထိရောက်ရောက် ဖမ်း ဆီးအရေးယူနေတယ်။ ဘိန်း တစ်ပင်တွေ့ရင် ထောင်တစ်နှစ်ချတယ်။ သုံးစွဲသူဆိုရင် ထောင်ခြောက်လ ကျတယ်။ ဒါကြောင့် ကျွန်တော်တို့ 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် လုံးဝဘိန်းစိုက်ပျိုးမှု ပပျောက်ဒေသဖြစ်ပါတယ်'' ဟု သူက ဆိုသည်။

'ဝ' တပ်ဖွဲ့ UWSA သည် ၂ဝ၁၁ တွင် စစ်သည် အင်အား ၃ဝ,ဝဝဝ ခန့်ရှိပြီး၊ အရန် တပ်သား ၁ဝဝဝဝ ခန့် ရှိသည်ဟု စစ်ရေးလေ့လာသူများက ဆိုထားသည်။ ရှမ်းပြည်နယ် ပန်ဆန်းမြို့တွင် ဌာနချုပ် ဖွင့်လှစ်ထားရှိပြီး နယ်ခြားစောင့်တပ်ဖွဲ့ခြင်းကို လက်မခံဘဲ ရပ်တည်နေသည့် လက်နက်ကိုင် အင်အားစုတစ်ရပ်ဖြစ်သည်။ ရုံးသုံး ဘာသာစကားအဖြစ် တရုတ်စာကို အသုံးပြုနေပြီး၊ တရုတ်ငွေယွမ်ကို အဓိကထား အသုံးပြုနေသည်။