တယ်လီဖုန်းလုပ်ငန်း လုပ်ကိုင်ခွင့် ယှဉ်ပြိုင်မှု မြန်မာနှင့် အိန္ဒိယ ဝန်ကြီးများ ဆွေးနွေး

တယ်လီဖုန်းလုပ်ငန်း လုပ်ကိုင်ခွင့် ယှဉ်ပြိုင်မှု မြန်မာနှင့် အိန္ဒိယ ဝန်ကြီးများ ဆွေးနွေး
by -
မဇ္စျိမ

မြန်မာနိုင်ငံတွင်း တယ်လီဖုန်း လုပ်ငန်းလုပ်ကိုင်ခွင့်ရရေး ယှဉ်ပြိုင်လျှောက်ထားသည့် ကုမ္ပဏီများကို ရွေးချယ်နေမှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အိန္ဒိယ ကူးသန်း ရောင်းဝယ်ရေးနှင့် ကုန်သွယ်ရေးဝန်ကြီး အာနန်းရှားမား က မြန်မာကြေးနန်း ဆက်သွယ်ရေးဌာန ဝန်ကြီး ဦးမြတ်ဟိန်းနှင့် သောကြာနေ့က တွေ့ဆုံဆွေးနွေးခဲ့သည်။

ပဏာမ ရွေးချယ်ထားသော ကုမ္ပဏီများကို အပြီးသတ် ရွေးချယ်ရာတွင် ပထဝီ အနေအထားအရ ဆက်စပ်နေမှု၊ နှစ်နိုင်ငံအကြား မဟာဗျူဟာ အကျိုးစီးပွါးများကို ထည့်သွင်း၍ အလေးအနက် စဉ်းစားပါရန် အိန္ဒိယ ဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ကြောင်း IANS သတင်းတရပ် တွင် ရေးသားသည်။

ဦးမြတ်ဟိန်း ကလည်း ယှဉ်ပြိုင်လျှောက်ထားသည့် အိန္ဒိယကုမ္ပဏီများ၏ အရည်အချင်း ပြည့်ဝမှုနှင့်ပတ်သက်၍ အပြည့်အဝ ယုံကြည် စိတ်ချပါကြောင်း၊ ယခုရွေးချယ်ရာတွင်လည်း အပြည့်အဝ ပွင့်လင်းမြင်သာမှု ရှိကာ လွတ်လပ်မှုလည်း ရှိမည်ဖြစ်ကြောင်း မစ္စတာ ရှားမားကို အာမခံ ပြောကြားခဲ့သည်ဟု အိန္ဒိယအစိုးရ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုအချိန်ထိ မတို့မထိရသေးသော မိုဘိုင်းဖုန်းစျေးကွက်ရှိသည့် မြန်မာနိုင်ငံက မိုဘိုင်း တယ်လီဖုန်း လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် နှစ်ခု ချထားပေးရန် တင်ဒါခေါ်ယူခဲ့ပြီး နိုင်ငံတကာ ကုမ္ပဏီစုကြီး ၁၂ ခုကို ပဏာမ အဆင့်ရွေးချယ်ထားသည်။ ယခုသီတင်းပတ် အစောပိုင်းက အိန္ဒိယမှ Bharti Airtel ကုမ္ပဏီက နောက်ဆုံးအဆင့် ယှဉ်ပြိုင်မှုအတွက် လျှောက်ထားလိုက်သည်။

ဝန်ကြီးနှစ်ဦးသည် ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သည့် ကိစ္စများကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။ တိုင်းပြည်နှစ်ခုကြား ရေနံနှင့်ဓါတ်ငွေ့ ရှာဖွေရေးနှင့် စပ်လျဉ်း၍ အနာဂာတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် အလားအလာကောင်းများ ရှိနေပြီး အခြေခံ အဆောက် အအုံ၊ ဆေးဝါး ထုတ်လုပ်မှု၊ သတင်းနည်းပညာကဏ္ဍ၊ ကုန်ထုတ်လုပ်ငန်း၊ ပညာရေးနှင့် ကျွမ်းကျင်မှုဖွ့ံဖြိုးရေးကိစ္စများတွင်လည်း အလားတူ အလားအလာ ကာင်းများ ရှိနေကြောင်း ဝန်ကြီးရှားမားက ဝန်ကြီး ဦးမြတ်ဟိန်းကို ပြောကြားခဲ့သည်။

လာမည့်နှစ်အနည်းငယ်အတွင်း “အိန္ဒိယက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုဟာ အမေရိ ကန်ဒေါ်လာ ၂.၆ ဘီလီယံခန့် ရှိနေမှာ ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်” ဟု အရှေ့အာရှ ဆိုင်ရာ ကမ္ဘာ့စီးပွါးရေးဖိုရမ်တက်ရောက် နေသည့် အိန္ဒိယဝန်ကြီးက ပြောဆိုလိုက်သည်။

အိန္ဒိယနိုင်ငံ၏ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုမှာ ခန့်မှန်းခြေ ဒေါ်လာ ၂၇၃.၅ သန်းရှိပြီး အဆင့် ၁၀ တွင် ရှိနေသည်။

Telenor အုပ်စု၏ဥက္ကဋ္ဌနှင့်အမှုဆောင် အရာရှိချုပ်ဖြစ်သော Jon Fredrik Baksaas နှင့်လည်း မစ္စတာ ရှားမားတွေ့ဆုံခဲ့သည်။

မစ္စတာ ရှားမားသည် စွမ်းအင်ဝန်ကြီး ဦးသန်းဌေးကိုလည်း ကြာသပတေးနေ့က တွေ့ဆုံခဲ့ပြီး အိန္ဒိယဘဏ်များ မြန်မာနိုင်ငံတွင် လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန် စိတ်ပါဝင်စားမှု ရှိကြောင်း ပြောကြားခဲ့သည်။

နေပြည်တော်တွင် ကျင်းပသည့် ၂၀၁၃ ခုနှစ် ကမ္ဘာ့စီးပွါးရေးဖိုရမ်၏ “ရေရှည်အမြင်” ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဆွေးနွေးပွဲတွင် မစ္စတာ ရှားမား က အိန္ဒိယနိုင်ငံ၏ မြန်မာနိုင်ငံတွင်း ဆက်သွယ်ဆောင်ရွက် မှုများသည် ခိုင်ခံ့သည့် ဖွ့ံဖြိုးရေးအတွက် လက်တွဲ ဆောင်ရွက်မှုအပေါ်တွင် အခြေခံ ဆောင်ရွက်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွါးရေးအရ ဦးစားပေး လုပ်ငန်းများအပေါ်တွင် ပူးပေါင်း ဆောင်ရွက်သွားလိုပါကြောင်း အလေးပေး ပြောကြားခဲ့သည်။

အာဆီယံနိုင်ငံများနှင့် အလုံးစုံ စီးပွါးရေး လက်တွဲဆောင်ရွက်မှု သဘောတူစာချုပ်ကို အပြီးသတ် လက်မှတ် ရေးထိုးပြီးဖြစ်၍ မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆက်သွယ် ဆောင်ရွက်မှုများတွင် ယခုစာချုပ်ပါ ဆက်စပ် လွှမ်းခြံုနေသည့် မူဘောင်က အထောက်အကူပြု လိမ့်မည် ဖြစ်သည်ဟု မစ္စတာ ရှားမား က အသားပေး ပြောကြားခဲ့သည်။

၂၀၁၅ တွင် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃ ဘီလီယံအထိ ရောက်ရှိရန် အိန္ဒိယနှင့် မြန်မာတို့က ရည်မှန်း ထားသည်။ ၂၀၁၁ ခုနှစ်တွင် နှစ်နိုင်ငံကြား ကုန်သွယ်မှုမှာ ဒေါ်လာ ၁.၇၀၈ ဘီလီယံရှိပြီး ၂၀၁၂ က ၁.၈၇၂ ဘီလီယံ ရှိခဲ့သည်

Most read this week