ကချင်ငြိမ်းချမ်းရေး အလားအလာ အမေရိကန် သံတမန်များ မြစ်ကြီးနားသို့ သွားရောက်လေ့လာ

ကချင်ငြိမ်းချမ်းရေး အလားအလာ အမေရိကန် သံတမန်များ မြစ်ကြီးနားသို့ သွားရောက်လေ့လာ
by -
မဇ္စျိမ

အမေရိကန် သံသမန်များ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ သွားရောက်ကာ ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့် ပတ်သက်၍ လူမှုရေးအဖွဲ့ အစည်းများ တွေ့ဆုံမေးမြန်းခဲ့သည်ဟု ဆွေးနွေးမှုတွင် ပါဝင်သူ ကချင်ရှေ့ နေများအဖွဲ့ Kachin Lawyers' Group မှ ရှေ့နေ မုန်ဆိုင်းတူး က ပြောသည်။

သံအမတ်ကြီး ဒဲရစ်မစ်ချယ်(Derek J.Mitchell) ၏ လက်ထောက် နှစ်ဦးတို့က ကချင် လူမှုအဖွဲ့အစည်းများ အားတဖွဲ့ချင်း ဆီ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု မုန်ဆိုင်းတူး က မဇ္စျိမကို ပြောသည်။  

“ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ သူတို့က စောင့်ကြည့်စစ်ဆေးတဲ့ သဘော။ သူတို့ အမေရိကန် အစိုးရက ဒီဆွေးနွေးပွဲမှာ မပါလိုက်ရဘူး။ ဒါပေမယ့် သူတို့ဘက်က အမြဲတမ်း စောင့်ကြည့်နေပါတယ်။ အမေရိကန် ကလည်း ရှေ့လျှောက် ပါဝင်နေမှာပါ။ ကျနော်တို့ကို သူတို့ ဘယ်လို လုပ်ဆောင်နေတယ် ဆိုတာတွေ ပြောကြတယ်” ဟု ပြောသည်။

မေလ ၂၈ ရက်မှ ၃၀ ရက်နေ့ထိ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် များတွေ့ဆုံ ဆွေးနွေးမှုတွင် အမေရိကန်နိုင်ငံက လေ့လာသူများအဖြစ် ပါဝင် တက်ရောက်ခွင့် မရခဲ့သော် လည်း ထိုဆွေးနွေးမှုအပေါ် အမေရိကန်အစိုးရအနေဖြင့် ပြန် လည် စောင့်ကြည့်လေ့လာရန် လာရောက်ခြင်း ဖြစ်သည်ဟု မုန်ဆိုင်းတူး က ပြောသည်။

“ဆွေးနွေးပွဲမှာ မပါဝင်ပေမယ့် ခုလာပြီး လေ့လာတဲ့ သဘောပါ။ သူတို့ အမေရိကန်ရဲ့ ဒေးဗစ်မီရှဲရဲ့ လူတွေ လာရောက်ပြီး စောင့်ကြည့် နေတယ်ဆိုတာက ကျနော်တို့အတွက် ရလဒ်ကောင်းပဲလို့ မြင်တယ်။ သူတို့ ဒီဆွေးနွေးမှုကို သူတို့ လက်လွှတ်မခံဘူးဆိုတာကို တွေ့မြင်ရတယ်” ဟု ဆိုသည်။

အမေရိကန် သံသမန်များသည် ကချင်အတိုင်ပင်ခံအဖွဲ့၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၊ ငြိမ်းချမ်း ရေးအကျိုးဆောင်အဖွဲ့ (PCG) နှင့် ရှမ်းလူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံသည်ဟု PCG မှ ဦးဆန်အောင် က ပြောသည်။

PCG အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အမေရိကန်အစိုးရအနေဖြင့် ပါဝင်လိုသော် လည်းမြန်မာ အစိုးရဘက်က မဖိတ်ကြားခြင်းနှင့် တရုတ်အစိုးရက ကန့်ကွက်ခြင်းတို့ကြောင့် ပါဝင်ရန် ခက်ခဲသည်ဟု အမေရိကန်သံသမန်များက ပြောဆိုခဲ့သည်ဟု ဦးဆန်အောင် က ပြောသည်။

“ဒီဆွေးနွေးပွဲမှာ ပါဝင်ချင်ပါတယ်။ ဒါပေမဲ့ သူတို့ကို KIO ကပဲ ဖိတ်တယ်။ ဒီဆွေးနွေးပွဲအပေါ် ဘယ်လို မြင်တယ်။ အခြေအနေ သိရှိဖို့ လာတာ။ ဆွေးနွေးပွဲမှာ တရုတ်ပါဝင်မှု ဘယ်လိုမြင်တယ်။ အမေရိကန် အပေါ် ဘယ်လိုမြင် တယ်။ ခုသဘောတူညီချက်တွေ အောင်မြင်မယ်လို့ ထင်လား။ သူတို့လည်း အတတ်နိုင်ဆုံး ကူညီမယ်ဆိုတာတွေပြောပါတယ်” ဟု မဇ္စျိမကို ပြောသည်။  

သူ့အနေဖြင့် ယခုကဲ့သို့ အမေရိကန်အစိုးရဘက်မှ လာရောက်လေ့လာခြင်းမှာ အကောင်းဘက် ရှုမြင်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် မြစ်ကြီးနား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်ရန်နှင့် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်ရေး တည်ဆောက်ရေးကို အာမခံနိုင်သော နိုင်ငံရေး သဘောတူညီမှုများ ထွက်ပေါ်လာနိုင်ရေး ဦးတည်၍ နှစ်ဖက် ကိုယ်စားလှယ်များ ပါဝင်သော စောင့်ကြည့်ကြီးကြပ်ရေး အဖွဲ့တခု (Joint Monitoring Committee) ဖွဲ့စည်းရန် အပါအဝင် အချက် ရ ချက်အား သဘောတူညီမှု ရရှိခဲ့သည်။

Most read this week