ရခိုင်ပြည်နယ်အစိုးရ၏ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောခရိုင်များအတွင်း ကလေးမွေးဖွားမှုနှုန်း ထိန်းချုပ်သည့် ဒေသန္တရအမိန့်ကို ဒေသခံ ၃ဝဝဝ ခန့်နှင့် သံဃာတော်များပါဝင်သည့် ထောက်ခံ ဆန္ဒထုတ်ဖော်ပွဲကို ဇွန်လ ၄ ရက် မွန်းလွဲပိုင်းက စစ်တွေတွင် ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်အစိုးရ၏ ဒေသန္တရအမိန့်ကို ထောက်ခံဆန္ဒပြကြသော အင်အား ၃,၀၀၀ ခန့်ရှိ သံဃာနှင့် ဒေသခံများအား ၂၀၁၃ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက စစ်တွေမြို့၌ တွေ့ရစဉ်။ (ဓာတ်ပုံ - သိန်းလှိုင်၊ မဇ္စျိမ)
ထိုအမိန့်အရ မူဆလင် အများစု နေထိုင်ရာ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် တလင်တမယား စနစ်နှင့် သားသမီး နှစ်ဦးသာ ရယူခွင့်ရှိမည်ဖြစ်သည်။
ဆန္ဒထုတ်ဖော်မှုကို သံဃာတော်အပါး ၄ဝဝ ခန့်က ကြီးကြပ်ခဲ့ပြီး မှန်ကန်သည့် လုပ်ရပ်ဟုဆိုကာ ထောက်ခံဆန္ဒပြ
ခြင်းဟု ဆန္ဒထုတ်ဖေါ်မှုတွင် စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ အတွင်းရေးမှူး ဆရာတော်ဦးကေသရ က အမိန့်ရှိသည်။
''လူဦးရေထိန်းချုပ်မယ့် ဒေသန္တရ အမိန့်ဟာ တိုင်းရင်းသားတွေအတွက် အသက်တမျှ အရေးကြီးလှတယ်။ သင့်မြတ်မှန်ကန်ပြီး ဒေသအခြေအနေနဲ့ ကိုက်ညီတယ်။ ဒါကြောင့် ဒီအမိန့်ကို ဆက်လက်ကျင့်သုံးဖို့ ဦးဇင်းတို့ တိုင်းရင်းသားတွေက ထောက်ခံ ဆန္ဒဖော်ထုတ်ရတာဖြစ်တယ်'' ဟု အမိန့်ရှိသည်။
ဒေသန္တရအမိန့်ကို ထောက်ခံသူများသည် စစ်တွေမြို့ဝင်္ကပါကွင်းတွင် စုဝေးခဲ့ကြပြီး တောင်းဆိုချက်များ ကြွေးကြော် လျက် ဦးဥတ္တမလမ်းမှသည် မင်းဘာကြီးလမ်းမှ သင်္ဘောဆိပ်ဘက်သို့ ချီတက်ခဲ့ကာ ထိုမှတစ်ဆင့် လမ်းမကြီး တစ်လျှောက် လှည့်လည်၍ ဝင်္ကပါကွင်း၌ အဆုံးသတ်ခဲ့ကြသည်။
ဆန္ဒပြသူများက အဆိုပါအမိန့်ကို ရခိုင်ပြည်နယ်တစ်ခုလုံး ထုတ်ပြန်ပေးရန် တောင်းဆိုလိုက်ပြီး လူဝင်မှုကြီးကြပ်ရေး စီမံချက်များကိုလည်း အကောင်အထည်ဖော်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဆန္ဒပြမှုကို ဒေသအာဏာပိုင်မှုထားထံ ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း တုံ့ပြန်မှုမရှိဟု ရခိုင်အမျိုးသမီးကွန်ရက် ခေါင်းဆောင် ဒေါ်ညိုအေး က ဆိုသည်။
''ဘာတုံ့ပြန်မှုမှမရှိတာကြည့်ရင် ခွင့်ပြုတယ်လို့ မှတ်ယူရပါမယ်။ လုံခြံုရေးတွေလည်း ချပေးထားတယ်ဆိုတော့ လက်ခံတဲ့ သဘောပါပဲ'' ဟု ဆိုသည်။
ဆန္ဒပြရန်အတွက် ဇွန်လ၂ ရက်က စစ်တွေမြို့တွင် သံဃာတော်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်တောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်တို့မှ မြို့နယ် အဆင့် နိုင်ငံရေးပါတီများ၊ ရခိုင်လူမှုအဖွဲ့ ၁၄ ဖွဲ့တို့က အစည်းအဝေးပြုလုပ်ပြီး ဆန္ဒပြမှု ဦးဆောင်ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။
ရခိုင်ပြည်နယ် ရှစ်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များကလည်း မောင်တောခရိုင်အတွင်း လူဦးရေ မွေးဖွားနှုန်းကန့်သတ်ရန် ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်ကို ထောက်ခံကြောင်း သဘောထားကို
မေလ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။
သို့သော် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကမူ မောင်တောခရိုင်အတွင်း ဒေသန္တရ အမိန့်ထုတ်ပြန်ခြင်းမှာ ခွဲခြားဆက်ဆံမှုဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည်ဟု မေလ ၂၇ ရက်က မီဒီယာများသို့ ပြောဆိုထားသလို၊ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW)၊ အမေရိကန်အစိုးရနှင့် ကုလသမဂ္ဂ အဖွဲ့ကြီးတို့ကလည်း
ဝေဖန်ထောက်ပြမှုများရှိနေသည်။
ထို့ပြင် ဗဟိုအစိုးရ ပြန်ကြားရေးဒု-ဝန်ကြီး ဦးရဲထွဋ်ကလည်း အဆိုပါဒေသန္တရအမိန့်ကို ပြန်လည်သုံးသပ်ရန် ရှိကြောင်း ဗွီအိုအေ အမေရိကန်အသံသို့ ပြောဆိုထားရှိသည်။ လွန်ခဲ့သည့် မေလအတွင်း ၎င်းခရိုင်၌ မွေးဖွားမှုနှုန်း ကန့်သတ်သည့် ဒေသန္တရအမိန့်ကို ဒေသဆိုင်ရာအာဏာပိုင်တို့က ထပ်မံထုတ်ရန်ပြင်ဆင်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းစုဆောင်းရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က မဇ္စျိမသို့ ပြောကြားထားသည်။
ဒေသန္တရအမိန့်၌ အသက် ၁၈နှစ် ပြည့်မှ အိမ်ထောင်ပြုရမည်ဖြစ်ပြီး၊ တစ်လင် တစ်မယားစနစ်သာ ကျင့်သုံးလျက် အိမ်ထောင်တစ်ခုတွင် ကလေးနှစ်ဦးသာ မွေးဖွားခွင့်ရှိသည်။ ဤအမိန့်မှာ စစ်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်တွင် ထုတ်ပြန်ထားခဲ့သည်။