ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မေတ္တာလင်းမြိုင်ရွာ၌ ဆိုင်းဘုတ်တင်ကာ ရုံးဖွင့်ရန်စီစဉ်နေသော ဦးအေးလွင် ဦးစီးသည့် ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီအား ရွာသူရွာသားများ ကလေးရက်တိုင် ကန့်ကွက်ဆန္ဒပြကြသဖြင့် အစီအစဉ် ရုပ်သိမ်းလိုက်ရသည်ဟု ထိုဒေသနယ်ခြားစောင့်တပ်မှ တာဝန်ကျ အရာရှိက ပြောသည်။
မေလ ၃ဝ ရက်မှ စတင်သည့် ကန့်ကွက်မှုအပြီး ဆိုင်းဘုတ်တင်ကာ ရုံးစိုက်မည့် အစီအစဉ်အား ရုပ်သိမ်း လိုက်ကြောင်း ပါတီ၏ ပြည်နယ်စည်းရုံးရေးတာဝန်ခံ ကိုစောမောင်ကြီးက မေတ္တာလင်းမြိုင်ရွာတွင် တာဝန်ကျနေ သော အမှတ် ၁ဝ၂၂ နယ်ခြားစောင့်တပ်မှ တပ်ခွဲမှူးဗိုလ်ကြီးစောတိုင်းကျော်ထံ ဖုန်းဆက်အကြောင်းကြားခဲ့ခြင်း
ဖြစ်သည်။
ပြည်နယ်အဆင့် ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုစောမောင်ကြီးကတော့ ကျွန်တော့်ဆီ ဖုန်းဆက်ပြီး ပြောတာက ရွာခံပြည်သူတွေ လက်မခံရင် ကျွန်တော်တို့ ဒီမှာရုံးဖွင့်မယ့် အစဉ်အစဉ်ကို ရပ်လိုက်တော့မယ်။ ဆက်မလုပ်တော့ ပါဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ရွာသားတွေလည်း ဆန္ဒပြတာကို အဆုံးသတ်လိုက်ကြတယ်'' ဟု တပ်ခွဲမှူးက မဇ္စျိမကို ပြောသည်။
ပါတီရုံးစိုက်ရန် လာသူများမှာ ရွာတည်ထောင်စဉ်က လူထုကို အကူအညီ ပေးခဲ့သူများမဟုတ်ဘဲ ရွာစည်ကားလာမှ ပါတီဆိုင်း ဘုတ်ထောင်ရန် စီစဉ်လာသည်ကို မလိုလား၍ ဆန္ဒပြခြင်းဟုလည်း ဆန္ဒပြရာတွင် ပါဝင်သူ တစ်ဦးဖြစ်သည့် ကိုမြင့်ရွှေ က ပြောသည်။
ကျွန်တော်တို့ရွာကို တကယ်တည်ထောင်ပေးလာတာက နယ်ခြားစောင့်တပ်ဖွဲ့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရွှံ့တွေ ဗွက်တွေထဲမှာ ဒုက္ခ သုခ ရောက်စဉ်ကတော့ ဘယ်သူမှ မထွက်လာကြဘူး။ ခုရွာကြီးက သာယာလာပြီဆိုမှပဲ ဟိုလူကလည်း လာချင် ဒီလူကလည်း လာချင်ဖြစ်နေကြတယ်။ ရွာသားတွေ ကတော့ ခုအချိန်မှာ စီးပွါးရေးပဲ စိတ်ဝင်စားကြတယ်။ အေးအေးချမ်းချမ်းပဲ နေချင်ကြတယ်။ ဒီအဖွဲ့တွေ ဝင်လာရင် ရွာသားတွေ သွေးကွဲမယ်။ ရွာသားတွေက ဟိုတစ်ကွဲ ဒီတစ်ကွဲဖြစ်မှာကိုလည်း မလိုလားဘူး''ဟု ပြောသည်။
၈၈ ပါတီမှ ပြည်နယ်နှင့် ခရိုင်စည်းရုံးရေး တာဝန်ခံများက ¤င်းတို့ ပါတီရုံးစိုက်ပြီးနောက် ရွာသူရွာသားများ လုပ်အားပေးများ လိုက်စရာမလိုဘဲ ပိုမိုလွတ်လပ်မှုရှိလာပြီး ထောက်ပံ့မှုများလည်းပေးမည်စသဖြင့် စည်းရုံးခဲ့ကြ သည်ဟု ဆိုသည်။
မေတ္တာလင်းမြိုင်ရွာသည် ၂ဝဝ၇ ခုနှစ် ဇူလိုင်လက တည်ထောင်ခဲ့ပြီး ယခု အိမ်ခြေ ၂၅ဝခန့် ရှိကာ KNU နှင့် DKBA စစ်မှုထမ်းဟောင်း အများစု နေထိုင်ကြသည်။ နယ်ခြားစောင့်တပ်မှ စီမံအုပ်ချုပ်လျက်ရှိသည့် ထိုရွာတွင် မည်သည့် နိုင်ငံရေးပါတီမျှ ဆိုင်းဘုတ်လာတင်ခြင်း မရှိသေးဘဲ NLD အဖွဲ့ဝင်အချို့သာ ရှိသည်ဟု ဗိုလ်ကြီး စောတိုင်းကျော်၏ ကိုယ်ရေးအရာရှိက ပြောသည်။