အစိုးရတပ်နှင့် ပြည်သူ့စစ် အရပ်သားကို ပစ်သတ်မှု အရေးယူပေးရန် တောင်းဆို

အစိုးရတပ်နှင့် ပြည်သူ့စစ် အရပ်သားကို ပစ်သတ်မှု အရေးယူပေးရန် တောင်းဆို
by -
မဇ္စျိမ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အစိုးရတပ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်းကာ ဒေသခံ ပြည်သူများ အား ပစ်ခတ် သတ်ဖြတ်နေမှုများကို အစိုးရမှ အရေးယူပေးရန် တအာင်း (ပလောင်)အဖွဲ့များက ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။

တအာင်း ကျောင်းသားနှင့် လူငယ်များအစည်းအရုံး၊ ပလောင် အမျိုးသမီးအစည်းအရုံး (PWO)နှင့် တအောင်း (ပလောင်) လုပ်ငန်းအဖွဲ့တို့က တောင်းဆိုလိုက်ကြခြင်း ဖြစ်သည်။

မေလ ၂၉ ရက်နေ့က ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ် ပန်းယန်းကျေးရွာသား အသက် ၈၇ နှစ်အရွယ် ဦးဘအေး ဆိုသူအား တအာင်း လက်နက်ကိုင်တပ် TNLA နှင့် ဆက်စပ်သည်ဟု ဆိုကာ သူ၏ နေအိမ်သို့ အစိုးရတပ်ခွဲမှ ဝင်ရောက် ပစ်သတ်မှုအား ယနေ့ထိ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း တအာင်း (ပလောင်)အဖွဲ့များက ဆိုသည်။ အဆိုပါ အစိုးရ စစ်ကြောင်းအား ဒေသခံ ငွန်းဆိုင်း ပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းမြတ်လေး က လမ်းပြ ခေါ်ဆောင်ခဲ့သည်ဟု ကြေညာချက်က ဆိုသည်။

ထို့ပြင် ဦးဘအေး ပစ်သတ်ခံရသဖြင့် အိမ်နီးချင်း အမျိုးသမီးတဦးက နှစ်လသားအရွယ် ကလေးနှင့်အတူ ကြောက်လန့်၍ ထွက်ပြေးရန် ကြိုးစားစဉ် အစိုးရ တပ်ဖွဲ့က ဆက်လက် ပစ်ခတ်ခဲ့၍ သေနတ်ထိမှန်ခဲ့ပြန်ရာ ကျောက်မဲဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု ဆိုသည်။

ယင်းအမှုနှင့် ပတ်သက်၍ တိုင်ကြားပါက ရွာအား မီးရှုံ့မည်ဟု အစိုးရ စစ်တပ်များက ချိန်းခြောက်ပြော ဆိုခဲ့သဖြင့် မည်သူ့ကိုမှ မတိုင်ကြားရဲကြကြောင်း PWO မှတ်တမ်းနှင့် သုတေသနဌာန တာဝန်ခံ လိုည်းနွေနှောင်း က ပြောသည်။

“ကြောက်ပြီး မတိုင်ဘူးဆိုတော့ ဒီအတိုင်း အပစ်မဲ့ သတ်ပစ်လိုက်တယ်။ ဘာလျော်ကြေးမှ မရဘူး။ လျော်ကြေး လိုချင်လို့တော့ မဟုတ်ဘူး။ ဒါပေမယ့် လူတယောက်ရဲ့ အသက်တချောင်းက အရမ်း အရေးကြီးတယ်။ ထိမှန်ထား တဲ့ ဒီကလေးနဲ့အမျိုးသမီးကိုလည်း ကာကွယ် စောင့်လျှောက်ပေးဖို့ လိုအပ်တယ်” ဟု မဇ္စျိမကို ပြောသည်။

တအာင်း ကျောင်းသားနှင့် လူငယ်များ အစည်းအရုံံးမှ အထွေထွေအတွင်းရေးမှူး လိုဉ်းလှားရိုန်ကလည်း “အဲဒီ ဦလေးက ဘာမှ အပြစ်မရှိဘူး။ သူရဲ့ကျန်တဲ့ မိသားစုတွေကို တာဝန်ယူ စေချင်တယ်။ ဒီလို စွပ်စွဲခံရတဲ့ အပေါ်မှာ မိသားစု ကျေနပ်တဲ့အထိ ဦးသိန်းစိန်အစိုးရက တာဝန်ယူ ဖြေရှင်းပေးစေချင်တယ်” ဟု မဇ္စျိမကို ပြောသည်။

အစိုးရ၏ ထာဝရ ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်နေချိန်တွင် ယခုကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက် မှုများ အား ဖြေရှင်းရန် လိုအပ်သည်ဟု သူက ဆက်ပြောသည်။

မေလ ၂၉ ရက်နေ့ ညနေပိုင်း ၃ နာရီချိန်တွင် ပန်းယမ်းကျေးရွာအနီး အစိုးရ စစ်တပ်ဖွဲ့နှင့် ငွန်ဆိုင်း ပြည်သူ့စစ်များ ပူးပေါင်းတပ်နှင့် တအာင်း လက်နက်ကိုင် TNLA တပ်တို့အကြား တိုက်ပွဲ သုံးနေရာ ဖြစ်ပွားခဲ့ပြီးနောက် အပြန်တွင် အဆိုပါ ရွာသားများကို ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု တအောင်းပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF အတွင်းရေးမှူး ဗိုလ်မှူးမိုင်ဘုန်းကျော် က ပြောသည်။

“ဒါက အရပ်သားအစိုးရလို့ ပြောတဲ့ ဦးသိန်းစိန် အစိုးရက တကယ် တာဝန်ရှိတယ်။ တိုက်ပွဲကာလ၊ တိုက်ပွဲ ပြီးတဲ့နောက်ပိုင်း အရပ်သားကို လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး ဘာအထောက်အထားမှ မရှိဘဲ ပစ်သတ်တယ်ဆိုတော့ ဒါက ရာဇဝတ်မှုပဲ။ အစိုးရမှာ တာဝန်ရှိတယ်” ဟု မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာအနီး TNLA တပ်နှင့် အစိုးရ စစ်တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် အသက် ၁၈ နှစ်အရွယ် ပလောင် အမျိုးသမီးတဦး ကျည်ဆံ ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ရ သည်ဟု လိုည်းနွေနှောင်း က ပြောသည်။

မေလ ၃၁ ရက်နေ့တွင် နမ့်ခမ်းမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့၍ TNLA တပ်စခန်းတခုမှ ဆုတ်ခွာ ပေးလိုက်ရပြီး နောက်ပိုင်း ယနေ့ထိ တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသေးကြောင်း ဗိုလ်မှူး မိုင်ဘုန်းကျော် က ဆိုသည်။

သို့သော် တအာင်းတပ်များ ရှိရာ နယ်မြေများသို့ အစိုးရတပ်များ နေရာချထား၍ အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင် သလို ယမန်နေ့ ညပိုင်းလည်း နမ့်ခမ်းမြို့ဘက်မှ အစိုးရ စစ်အင်အား ၃၀၀ ကျော်ခန့် မန်တုံမြို့နယ်နှင့် ကွပ်ခိုင်မြို့နယ်ဘက်သို့ တိုးမြင့်ချလာ၍ ထို နယ်မြေအတွင်း အနည်းဆုံး အစိုးရ စစ်အင်အား ၃,၀၀၀ မှ ၅,၀၀၀ ကြား လှုပ်ရှားသွားလာနေသည်ဟု သူက ဆက်ပြောသည်။

ဧပြီလအတွင်းက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီမှ ဆွေးနွေးရန် TNLA အား ကမ်းလှမ်းခဲ့သော်လည်း ယနေ့ထိ ဆွေးနွေးနိုင်ခြင်း မရှိသေးပေ။

“သူတို့ဘက်က ကမ်းလှမ်းလာမယ်ဆိုရင် ကျနော်တို့ ဆွေးနွေးဖို့၊ နိုင်ငံရေး ပြဿနာကို ဖြေရှင်းဖို့ မလွဲမသွေ ရင်ဆိုင်လက်ခံရမယ့် ဖြေရှင်းနည်းလမ်းတခုလို့ ကျနော်တို့ ဆုံးဖြတ်ထားတယ်။ ကျနော်တို့ ဆွေးနွေးလို့ ရမယ့် အနေအထား၊ အချိန်၊ နေရာဆိုရင်တော့ ဆွေးနွေးဖို့ အဆင်သင့်ပါပဲ” ဟု မိုင်ဘုန်းကျော် က ဆိုသည်။

PSLF ကို ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး TNLA လက်အောက်ခံ တပ်အား ၂၀၁၅ တွင် ဖွဲ့စည်းကာ ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်မြို့နယ်များအတွင်း အခြေချ လှုပ်ရှားလျက်ရှိသည်။