သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စတင် စမ်းသပ်တော့မည်ဟု CNPC ပြော

သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စတင် စမ်းသပ်တော့မည်ဟု CNPC ပြော
by -
မဇ္စျိမ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ဆိပ်ကမ်းမှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ရွှေလီမြို့သို့ သွယ်တန်းဆောက် လုပ်နေသည့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှု လုပ်ငန်း ပြီးစီးပြီဖြစ် ၍ စမ်းသပ်လည်ပတ်မှု လုပ်ဆောင်ရန် အသင့်ဖြစ်နေကြောင်း တရုတ် CNPC ကုမ္ပဏီက ၎င်း၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ ရေနံပိုက်လိုင်းကိုမူ ၉၄ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးပြီ ဖြစ်သည်။

ပိုက်လိုင်း စုစုပေါင်း အရှည် ရ,၆၇၆ ကီလိုမီတာအနက် ၁,၅၀၄ ကီလိုမီတာသည် မြန်မာနိုင်ငံအတွင်း ဖြတ်သန်း သည်။

ထိုပိုက်လိုင်းများမှ တရုတ်နိုင်ငံသို့ တနှစ်လျှင် သဘာဝဓာတ်ငွေ့ ၁၂ ဘီလီယံ ကုဗမီတာ ပို့လွှတ်သွားနိုင်ပြီး ရေနံတန်ချိန် ၂၂ သန်း တင်ပို့နိုင်ရေး ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ထားသည်။

CNPC အထွေထွေ မန်နေဂျာ Liao Yongyuan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်း သို့ လာရောက်လည်ပတ်ခဲ့ကြောင်း CNPC ကဆိုထားသည်။

တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီအနေဖြင့် စစ်အစိုးရ လက်ထက် ၂၀၀၉ ခုနှစ်စ၍ ကျောက်ဖြူ-ကူမင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ သွယ်တန်းခြင်း စီမံကိန်းကြီးအား စတင်ဆောင်ရွက်ခဲ့ကာ ရခိုင်ပြည်နယ်မှစ၍ ရှမ်းပြည်နယ် မြောက်ပိုင်းမှ တဆင့်တရုတ်ပြည်သို့ ပိုက်သွယ်တန်းကာပေးပို့မည် ဖြစ်သည်။

၂ဝ၁၃ ခုနှစ်တွင် အပြီးတည်ဆောက်မည့် မဒေးကျွန်း ရေနက်ဆိပ်ကမ်းပြီးပါက တန်ချိန် ၃ဝဝ,ဝဝဝ ဆံ့ ရေနံတင် သင်္ဘောကြီးများ ရပ်နားကာ တနှစ်လျှင် ရေနံစိမ်းတန်ချိန် ၂၂ သန်း ဆီချခြင်း လုပ်ငန်း ဆောင်ရွက်မည်ဖြစ်ကြောင်းမြန်မာအစိုးရက ၂၀၁၁ ခုနှစ် စက်တင်ဘာလက တရားဝင် ထုတ်ပြန်ထားသည်။

မဒေးကျွန်း၌ ရုံးစိုက်လျက် CNPC ကုမ္ပဏီအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် အတွက် ဒေသခံများ ၏ ဆန္ဒပြမှုများ ဧပြီလအတွင်းက ဖြစ်ပွားခဲ့သည်။

Most read this week