ပြင်ဦးလွင် ကော်ဖီခြံပိုင်ရှင်မှ မြေစာရင်းအပါအဝင် ဒေသခံသုံးဦးအား တရားစွဲဆိုမည်

ပြင်ဦးလွင် ကော်ဖီခြံပိုင်ရှင်မှ မြေစာရင်းအပါအဝင် ဒေသခံသုံးဦးအား တရားစွဲဆိုမည်
by -
မဇ္စျိမ

ပြင်ဦးလွင်မြို့ ဖာသင်းကျေးရွာအုပ်စုရှိ ပုဂ္ဂလိကပိုင် ကော်ဖီခြံ စီမံကိန်းမြေများအား မြေစာရင်းမှ ဒေသရှိ ငွေကြေးချမ်းသာသူ သုံးဦးကို ထပ်မံလုပ်ပိုင်ခွင့်ပေးလိုက် သဖြင့် မူလမြေပိုင်ရှင်များက ပြင်ဦးလွင် မြေစာရင်း အပါအဝင် လက်ရှိပိုင်ရှင်များကို ဇွန်လ ခြောက်ရက်တွင် ပြင်ဦးလွင်တရားရုံးသို့ ဦးတိုက်လျှောက်ထားကာ တရားစွဲဆိုမည်ဟု မူလမြေပိုင်ရှင်တစ်ဦးက ပြောသည်။

''အကိုတို့ကို ကော်ဖီစိုက်ဖို့အတွက် ပေးထားတာ။ သိန်း ၁ဝဝ လောက်ရှုံးလို့ မလုပ်ဖြစ်ဘဲ ကချင်ပြန်သွား တာနှစ်နှစ်ရှိပြီ။ ကချင်ဒေသကလည်း မငြိမ်းချမ်းတော့ ပြန်လာမကြည့်ဖြစ်ဘူး။ အခုလာတော့ တခြားသူကို လုပ်ပိုင်ခွင့်ပေးပြီးပြီ။ အစ်ကိုတို့ ခြံစည်းရိုးတွေကိုလည်း ဖျက်ဆီးထားတယ်။ ဒါမြေစာရင်းက ဝန်ထမ်းတွေ မသမာတာလို့ ယူဆတယ်'' ဟု ဧက ၃ဝ ပိုင်သော တရားစွဲဆိုမည့် ကော်ဖီခြံပိုင်ရှင်ကပြောသည်။

ပြင်ဦးလွင်မြို့ ဖာသင်းကျေးရွာအုပ်စု ပိန္နဲကျေးရွာရှိ မြေလွတ်မြေရိုင်းများအား ကော်ဖီခြံစိုက်ခင်းများ စိုက်ပျိုးရန် ၂ဝဝ၄ ခုနှစ်တွင် ပုဂ္ဂလိကသို့ နှစ် ၂ဝ လုပ်ပိုင်ခွင့်ပေးထားပြီး ဧက ၃ဝ အတွက် ခြောက်သိန်းကျော် အစိုးရသို့ပေးသွင်းထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။ ကော်ဖီခြံလုပ်ပိုင်ခွင့် အတွက်ရရှိထားသော မြေဧကများ ထဲမှ ဧက ရဝ အား ဒေသခံသုံးဦးကို မြေစာရင်းဦးစီးဌာနမှ ထပ်မံလုပ်ပိုင်ခွင့်ပေးလိုက် သည့်အတွက် မူလပိုင်ရှင် လေးဦးက ထိုသူများအား တရားစွဲဆိုခြင်း ဖြစ်သည်။

ထိုသို့ ထပ်မံလုပ်ပိုင်ခွင့်ချ ပေးခြင်းနှင့်ပတ်သက်၍ တရားစွဲဆိုမည့် မူလမြေပိုင်ရှင်များက မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူ (ကျေးရွာမြေယာကော်မတီ အတွင်းရေးမှူး)အား သွားရောက်မေးမြန်း ရာ ''ကျွန်တော်မသိလို့ ချပေးလိုက်တာပါ'' ဟု သာပြောဆိုကြောင်း တရားစွဲဆိုမည့်သူက ပြောသည်။

ကော်ဖီခြံစိုက်ပျိုးရန် လုပ်ပိုင်ခွင့်ရရှိစဉ်က စည်းကမ်းချက်အတိုင်း အစောင့်တဲဆောက်ခြင်း၊ ဂိုဒေါင်ဆောက် ခြင်း၊ ဂိုဒေါင်အား သမံတလင်းခင်းခြင်းများ ပြုလုပ်ခဲ့ သည်။ ယခုအချိန်တွင် ကော်ဖီပင်များ လည်း မရှိတော့ ဘဲ မြေလွတ်ချည်းသာကျန်ခဲ့ပြီး ပိန္နဲရွာမှ ဒေသခံများ တောင်ယာစိုက်ပျိုးမှုသာရှိကြောင်း ထိုသူကပြောသည်။

လွန်ခဲ့သည့်တစ်နှစ်ကလည်း ထိုကဲ့သို့ အလားတူဖြစ်ရပ်ဖြစ်ပွားခဲ့သည့်အတွက် ကော်ဖီခြံပိုင်ရှင် စစ်တပ် အငြိမ်းစား ဝန်ထမ်း တစ်ဦးက တရားစွဲဆိုထားရာ ယခုတိုင် ထူးခြားမှုမရှိသေးကြောင်း သိရသည်။