ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ပြေး ဒုက္ခသည်များအား ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ကုလမသဂ္ဂ အထူး ကိုယ်စားလှယ်တို့ ယနေ့ သွားရောက် အားပေး စကားပြောဆိုခဲ့ကြသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂမ်ဂျာ က ပြောသည်။
KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဆွမ်းလွှတ်ဂွမ်မော်နှင့် ဗိုလ်မှူးကြီး ဇော်တောင်တို့က နံနက် ၁၁ နာရီမှစတင်၍ ဝိုင်းမော်မြို့နယ် မုန်နာ စစ်ပြေးဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့သည်။
“ပြန်လည်တွေ့ဆုံ ရတဲ့အတွက် ဝမ်းသာတယ်လို့ ပြောလိုပေမယ့် ဒုက္ခသည်စခန်းမှာ တွေ့ရတဲ့အတွက် ဝမ်းသာတယ်လို့ ပြောရတာက သိပ်တော့မကောင်းလှပါဘူး။ ဒါပေမယ့် ဘုရားသခင်ရဲ ့ကျေးဇူးတော်ကို ချီးမွမ်းပါတယ်” ဟု ဗိုလ်ချုပ်ဂွမ်မော် က ပြောသည်။
KIO နှင့် ကုလ ကိုယ်စားလှယ်များအား စခန်းရှိ ထောင်နှင့်ချီသော လူထုက ကြိုဆိုခဲ့ကြပြီ တနာရီခွဲကြာ
တွေ့ဆုံခဲ့သည်။
“ဒီနေ့တော့ တကယ်ဝမ်းသာတယ်။ IDP (ပြည်တွင်းဒုက္ခသည်စခန်း)မှာ ကူညီနေရတာ တကယ်ကျေနပ် သွားပြီ၊ ဒု-စစ်ဦးစီးချုပ် ကိုယ်တိုင် လာရောက် တွေ့ဆုံတဲ့အတွက်။ တချို ့ IDP လူထုက စကားတွေ အများကြီး ပြောချင်တယ်။ ဒါပေမယ့် တွေ့ဆုံချိန် နည်းတယ်” ဟု စခန်းတာဝန်ခံ ဦးခေါင်ဒေါင် က ပြောသည်။
ထို့နောက် စစ်ပြေး ဒုက္ခသည်ကလေးများအတွက် ကချင်နှစ်ခြင်းအသင်းတော်မှ ဖွင့်လှစ်ထားသော ဘော်ဒါ ကျောင်းဆောင်သို့ သွားရောက်ကာ အားပေးခဲ့ကြသည်။
“မင်းတို့ရဲ့ အလုပ်က စာသင်မယ်။ ကိုယ်တတ်ရမယ့် စာကို သေချာမှတ်ဖို့၊ ဟိုမှာ တိုက်ပွဲ ဖြစ်နေတယ်။ ဟိုမှာ ဘာဖြစ်နေတယ်ဆိုတာတွေ သိထားရင် ပြီးပြီ။ ကျနော်တို့ ကူညီသွားမယ်။ မင်းတို့ ကျောင်းသားတွေ စာသင်နိုင်ဖို့၊ လုံခြံုစွာ စာသင်ဖို့၊ ငြိမ်းချမ်းစွာ စာသင်နိုင်ဖို့ ကျနော်တို့ ကူညီထောက်ပံ့သွားမယ်” ဟု ဗိုလ်ချုပ် ဂွမ်မော် က ပြောဆိုခဲ့သည်။
ထိုဘော်ဒါဆောင်တွင် စစ်ပြေးဒုက္ခသည် ကျောင်းသား/သူ ၁၅၃ ဦး ရှိသည်။
“တချိန်ချိန်မှာ တဦးချင်း တိုးတက်မှု အမျိုးမျိုးရှိလာမယ်။ နံပါတ် ၂ က လိမ္မာရမယ်။ လိမ္မာတယ်ဆိုတာက နာခံမှုရှိရမယ်။ ဒီနေ့ မင်းတို့ ၁၅၃ တနေ့မှာ ပညာတတ်ဖြစ်လာမယ်။ ဘာလို့လဲဆိုတော့ ခုလို ဒုက္ခရောက်တဲ့အချိန် ချစ်ခြင်းမေတ္တာနဲ့ မင်းတို့ုိ တာဝန်ယူနေတယ်။ တနေ့မှာ အမျိုးသားရေးအတွက် တိုင်းပြည်အတွက် ကောင်းတဲ့မျိုးစေ့ ဖြစ်တယ်” ဟု KIO ဒု-စစ်ဦးစီးချုပ်က ပြောဆိုခဲ့သည်။
အစိုးရငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ နှင့် KIO ကိုယ်စားလှယ်အဖွဲ့ တို့၏ မေလ ၃၀ ရက်နေ့ကသဘောတူညီ ပြီး ဖြစ်သည့် နေရပ် စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ ကို ညှိနှိုင်းကာ ဆက်လက်ဆောင်ရွက်သွားရာတွင် ရပ်မိရပ်ဖများနှင့် ဒုက္ခသည်များ သဘောထား ဆွေးနွေး ချက်များပေါ် မူတည်၍ ဖြစ်နိုင်ခြေရှိသည့် ကျေးရွာများကိုရွေးချယ်ပြီးပြန်လည်နေရာချထားသွား မည်ဟုလည်း ပြောဆိုသွားသည်။
စစ်ပြေးဒုက္ခသည်များထံ လာရောက်တွေ့ဆုံကာ အားပေးစကားပြောကြားပေး၍ အားတက်ရကြောင်း ဝိုင်းမော်မြို့နယ် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ အတွင်းရေးမှူး ဆရာဒေါင်ခေါင်း က မဇ္စျိမကို ပြောသည်။
“KIO ခေါင်းဆောင်တွေ၊ UN က လူကြီးတွေ ကျနော်တို့ဆီ လာရောက်အားပေးလို့ အရမ်း ကျေးဇူးတင်တယ်။ ခုပဲ UN ကနေ ပြောနေတယ်။ ကလေးတွေကို ကူညီမယ်။ ဗိုလ်ချုပ် ဂွမ်မော်ကလည်း ပညာရေးကြိုးစားပါ။ မင်းတို့ လုပ်ရမှာက စာကြိုးစားဖို့ပဲ ဆိုပြီး ပြောလို့ ကလေးတွေလည်း အားတက်တယ်။ ကျနော်တို့ လုပ်နေတဲ့ လူတွေလည်း အရမ်း အားရ ကျေနပ်တယ်” ဟု သူက ပြောသည်။
အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား ကလည်း အစိုးရနှင့် KIO တို့အကြား ယမန်နေ့က သဘော တူညီချက်များသည် နှစ်ဖက် တိုက်ပွဲလျှော့ရန်နှင့် နိုင်ငံရေး ဆက်လက် ဆွေးနွေးရန်အထောက်အကူ ပြုသော ကတိကဝတ်ဖြစ်၍ ထိုကတိကဝတ်ကို ကုလသမဂ္ဂ အပါအဝင် ကမ္ဘာကစောင့်ကြည့်နေသည်ဟု ပြောဆိုသည်။
“စစ်ပွဲကြောင့် ပြည်သူတွေ ခုလို ကိုယ့်မြေကနေ ပြောင်းရွှေ့ပြီး ဒုက္ခရောက်နေရတယ်ဆိုတာ သိပါတယ်။ မနေ့က စည်းဝေးက သဘောထားတွေကို နှစ်ဖက်စလုံး သဘောထားကြီးကြီးနဲ့ မကြာခင်မှာ လုပ်ဆောင်ပြီး စစ်ပြေး ဒုက္ခသည်တွေလည်း ကိုယ့်နေရပ်ကို အဆင်ပြေချောမွေ့စွာ ပြန်နေထိုင်နိုင်လိမ့်မယ်ဆိုတာ ယုံကြည်တယ်။ ကျနော်တို့လည်း ခင်ဗျားတို့နဲ့အတူ ရှိမှာပါ။ ငြိမ်းချမ်းရေးရဖို့ ကုလသမဂ္ဂက ပြည်သူနဲ့ရော၊ အစိုးရနဲ့ရော KIO အားလုံးနဲ့ သဘောတူ လုပ်ဆောင်သွားမယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု မုန်နာ စစ်ပြေး ဒုက္ခသည်စခန်းတွင် ပြောကြားခဲ့သည်။
နှစ်နှစ်တာ ကာလ ပြည်တွင်းစစ်ပွဲတွင် KIO စစ်သား ၃၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး ၆၀၁ ဦး ဒဏ်ရာရ ခဲ့ကာ ၈ ဦးမှာ အဖမ်းခံရပြီး ၈ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း KIO ဒု-စစ်ဦးစီးချုပ်က ရှင်းပြသည်။ ထို့အတူ ကျေးရွာစွန့်ခွာ ထွက်ပြေးလာသူ တသိန်းထက် မနည်းရှိနေပြီး အများစုမှာ မိခင်နှင့်ကလေးငယ်များဖြစ်ကာ အချို ့ကလေးများ ကျောင်းထွက်နေ ရကြောင်းနှင့် KIO တာဝန်ယူနေရသော ဒေသတွင်ကျောင်းသား ဦးရေ နှစ်သောင်းကျော်ရှိနေပြီး ကျောင်းဆောင်နှင့် ဆရာ/ဆရာမများ အခက်အခဲ ရှိနေကြောင်း ဗိုလ်ချုပ် ဂွမ်မော် က ပြောကြားခဲ့သည်။
ထို့အတူ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့လည်း ပြည်နယ်အစိုးရအဖွဲ့များနှင့် ကုလ ကိုယ်စားလှယ်များ လိုက်ပါလျက် ဝိုင်းမော်မြို ့နယ် မုန်နာ ကက်သလစ်ကျောင်း ဒုက္ခသည်စခန်းသို့သွား ရောက် တွေ့ဆုံ အားပေးခဲ့ကြသည်။
အလားတူ KIO ငြိမ်းချမ်းရေးကိုယ်စားလှယ် ခေါင်းဆောင် ဆရာကြီး ဦးဆွမ်းလွတ်ဂမ်၊ ဗိုလ်မှူးကြီးလှအောင်၊ ဗိုလ်မှူး ကြီး ခွန်းနောင်တို့က မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ပြေးဒုက္ခသည်စခန်းများအား သွားရောက်၍ အားပေးခဲ့ကြသည်။
မနက်ဖြန် ဇွန်လ ၁ ရက်နေ့တွင် KIO ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ၎င်းတို့ ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့သို့ ပြန်လည် ထွက်ခွာမည် ဖြစ်ရာ ၎င်းတို့အား ကချင်ငြိမ်းချမ်ရေး အကျိုးဆောင်အဖွဲ့ (PCG) ကိုယ်စားလှယ်များနှင့် ကုလသဂ္ဂ ကိုယ်စားလှယ် မစ္စ မာရီယန်တို့က လိုက်ပါ ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။