ပြည်နယ် ကိုယ်စားပြု ကျောင်းသား သမဂ္ဂ ဖြစ်ပေါ်လာရေးအတွက် ပြည်တွင်းနှင့် ပြည်ပရှိ ကယား/ကရင်နီ ကျောင်းသားများ သမဂ္ဂ နှစ်ခုမှ ကိုယ်စားလှယ်များ မြို့တော် လွိုင်ကော်တွင် ဆွေးနွေးကြပြီးနောက် အမည်သစ်တခုဖြင့် ဖွဲ့စည်းရန် သဘောတူခဲ့ကြသည်။
ပြည်တွင်းရှိ ကယားပြည်နယ် ကျောင်းသားများ သမဂ္ဂ (KSSU) ကိုယ်စားလှယ် ရ ဦးနှင့် ပြည်ပရှိ ကရင်နီ ကျောင်းသား သမဂ္ဂ (KSU) ကိုယ်စားလှယ် ၄ ဦးတို့ မေလ ၂၅ ရက်နေ့တွင် ဆွေးနွေးကြရာမှ ကယားပြည်နယ် (ကရင်နီ) ကျောင်းသားများ သမဂ္ဂ (KSSU) အမည်ဖြင့် ပြန်လည် ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
“တွေ့ဆုံဆွေးနွေးဖို့ သက်သက် ရည်ရွယ်ပြီးတော့ သူတို့ (KSU) ဒီဘက် ပြန်လာတယ်။ အခု သူတို့လည်း ဒီမှာ ပုဂ္ဂလိကကျောင်း တကျောင်း ပြန်လာလုပ်ဖို့ ရှိတယ်။ဒုက္ခသည်တွေ ပြည်တွင်းကို ပြန်ဝင်လာတဲ့အချိန်ကျရင်၊ ပြည်တွင်းမှာ ကျောင်းပြန်လာတက်တဲ့အချိန်ကျရင် ကျနော်တို့ တသားတည်း ရှိတဲ့ ပုံစံမျိုးနဲ့ ဖွဲ့လိုက်တာပါ” ဟု ကယားပြည်နယ် ကျောင်းသားများ သမဂ္ဂ ကိုယ်စားလှယ် ကြူးဖဲကေး က ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်နီ ဒုက္ခသည်စခန်းမှ အလယ်တန်း ကျောင်းသူ/သားများနှင့် အထက်ကို အခြေခံကာ ဖွဲ့စည်းထားသည့် KSU တွင် အဖွဲ့ဝင်ပေါင်း ၂,၀၀၀ ခန့် ရှိပြီး ထိုင်းနိုင်ငံတွင် အခြေစိုက်ကာ အမေရိကန်၊ ကနေဒါ၊ ဖင်လန် စသည့် အနောက်နိုင်ငံများနှင့် ဖိလစ်ပိုင်၊ အိန္ဒိယ စသည့် အာရှ နိုင်ငံများတွင် အဖွဲ့ဝင်များ ရှိကြောင်း သိရသည်။
ပူးပေါင်းဖွဲ့စည်းလိုက်သည့် KSSU သည် ကျောင်းသားထုအရေးနှင့် ပညာရေးများသာမက ပြည်နယ်အတွင်း အမျိုးသားရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တန်းတူညီမျှရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စရပ်များကိုလည်း လုပ်ဆောင်သွားမည်ဟု ဆိုသည်။
“ကျနော်တို့ ပြည်နယ်မှာ လုပ်စရာတွေ အများကြီး ရှိတယ်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍမှာ ကယားပြည်နယ်မှာ လုပ်နေတဲ့ သံလွင်မြစ်ဆုံ ရေကာတာ စီမံကိန်းတို့၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှု ကိစ္စနဲ့ ပတ်သက်ပြီး အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းအတွက် မြေသိမ်းတဲ့ကိစ္စတို့ စတဲ့ လုပ်သင့် လုပ်ထိုက်တာကို လုပ်သွားမယ်” ဟု ကယား ပြည်နယ်လုံး ဆိုင်ရာ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကြူးဖဲကေး က ပြောသည်။
ဖရူးဆိုးမြို့နယ် လောဂျာ၊ ဒေါလောခူနှင့် မာဖရိုရှေ့ ကျေးရွာ သုံးရွာကြားတွင် တည်ဆောက်ထားသည့် အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းအတွက် ဒေသခံများ၏ မြေယာ (၃၂၅၇) ဧကကို သိမ်းယူခဲ့ ကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့၏ မှတ်တမ်းများအရ သိရသည်။
လူဦးရေ ၃ သိန်းခန့်သာ ရှိသည့် ကယားပြည်နယ်၌ လွန်ခဲ့သည့် အနှစ် ၂၀ အတွင်း ဒေသခံများ၏ မြေယာ သိမ်းပိုက်ခံရမှုများတွင် တပ်မတော်၏ သိမ်းယူမှုမှာ အများဆုံး ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည့် ရှမ်းနှင့် ကယား လယ်ယာမြေ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင် က ဖော်ထုတ်ပြောဆိုထား သည်။