ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လွန်ခဲ့သည့် ဧပြီလအတွင်းက “ဆွဲ၊ တင်၊ စစ်” လူဦးရေ စာရင်း ကောက်ခံရာမှ ရုန်းရင်းဆန်ခတ်မှု ဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီး ထိန်းသိမ်းထားသူ ရ ဦးအား မေလ ၂၃ ရက်နေ့၌ စစ်တွေ ခရိုင်တရားရုံးတွင် တရားစွဲတင်လိုက်ပြီး ဖြစ်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်သူ တရားရုံးချုပ် ရှေ့နေ ဦးလှမျိုးမြင့် က မဇ္စျိမကို ပြောကြားသည်။
အမှုမှာ ပြည်နယ်အစိုးရ၏ စီစဉ်မှုဖြင့် ဧပြီလ ၂၆ ရက်နေ့က စစ်တွေမြို့၊ သက္ကေပြင်ကျေးရွာ၌ လူဦးရေ စာရင်း ကောက်ယူနေစဉ် ရိုဟင်ဂျာ အမည်ခံလိုသူများနှင့် စာရင်းကောက် အဖွဲ့တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရာ စစ်ဘက်နှင့် အရပ်ဘက်မှ လူ ၃ ဦး ထက်မနည်း ဒဏ်ရာ ပြင်းစွာ ရရှိခဲ့အပြီး ယင်းနေ့မှာပင် သံသယရှိသူ ရ ဦးကို စစ်တွေ အမှတ်(၁) ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းကာ (ပ)နံပါတ် ၉၉/၂၀၁၃ ဖြင့် အမှုဖွင့်လျက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“ညနေ ၃နာရီခွဲမှာ ကျနော့်အမှုသည် ရ ဦးကို စစ်တွေ ခရိုင် တရားရုံး၊ ခရိုင်တရားသူကြီး ဒေါ်အေးသိန်း ဆီမှာ ၂၀၁၃ ခုနှစ်၊ ပြစ်မှုကြီးအမှတ်-၃၆နဲ့ ရဲက တရားစွဲတင်ပါတယ်။ အားလုံးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၁၄၊ ၁၄၈၊ ၃၃၂၊ ၃၃၃၊ ၃၉၅၊ ၅၀၆ ပုဒ်မ ၆ ခုနဲ့ စွဲချက်တင်ပါတယ်။ တရားလိုက လဝက ဦးစီးမှူး ဦးရန်အောင်မြင့် ဖြစ်တယ်။ လိုပြသက်သေ ၁၈ ဦး ပါပြီးတော့လာမယ့် ဇွန်လ ၆ ရက်နေ့မှာ ဒုတိယအကြိမ် ရုံးချိန်းရှိတယ်။ အမှုသည် ရ ဦးလုံး ကျန်းကျန်း မာမာပါပဲ” ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားရုံးချုပ် ရှေ့နေကြီး ဦးလှမျိုးမြင့် က ဆိုသည်။
ရဲစွဲတင်သည့် ပြစ်မှုများမှာ လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ် ပြုလုပ်မှု၊ ပြည်သူ့ဝန်ထမ်းများကို ထိခိုက် နာကျင်စေမှု၊ ဝတ္တရား နှောင့်ယှက်မှုနှင့် အုပ်စုဖွဲ့ လုယက််မှု(ဓါးမြမှု) တို့ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
စွပ်စွဲခံရသူ အားလုံးမှာ သက္ကေပြင်ရွာမှ ဖြစ်ကြပြီး မဆော်လေမာ (၃၅ နှစ်)(ဘ) နုမာလကိန်း၊ မာမောက်ဟာရှိန်း (၂၅ နှစ်) (ဘ) ဟိမိတ်ဟူလောင်း၊ ရှောဘီရာမန် (ခ) ဦးကျော်ခင် (၄၀ နှစ်) (ဘ) ရော်ရှိတာမောက်၊ ဆာလေအာမတ် (ခ) ဦးစံလင်း (၅၃ နှစ်) (ဘ)ဇော်လာအာမတ်၊ မာမောက်ချော်ဘီ (ခ) ဦးကျော်မြင့် (၅၈ နှစ်) (ဘ)ဆုလ်တန်အာမတ်၊ အာလီအာမတ် (ခ) ဦးဘသာ (၆၁ နှစ်) (ဘ) အဒူဂေါ်ဖူးလ်၊ ဆီဆု (ခ) ကိုလှမြင့် (၂၈ နှစ်) (ဘ) ဦးကျော်မြင့် တို့ ဖြစ်သည်။
ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူ နောက်ထပ်ရွာသား ၂၄ ဦးကိုလည်း တရားခံပြေးများ အဖြစ် ပြစ်မှု ဆိုင်ရာ အထွေထွေအမှုများဖြင့် အမှုဖွင့်ထားလျက်ရှိပြီး အဆိုပါ တရားခံပြေးအမှုများကို ကနဦး စစ်ဆေး၍ ယခု ရ ဦး၏ အမှုများကို ဆက်လက် စစ်ဆေးပြီးမှသာလျင် “စွဲချက်တင်မည်” ဟု ရှေ့နေက ဆက်ရှင်းသည်။
“ရဲစွဲချက်မှာ ဥပဒေကြောင်းအရ ချွတ်ယွင်းချက်တချို့ ပါရှိနေပြီး ရဲစစ်ချက်အရ တရားစွဲတင်ပြီး နောက်ပိုင်းမှာ တရားရုံး လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုကို ရင်ဆိုင်သွားမှာပါ” ဟုလည်း ၎င်းက မှတ်ချက် ပေးသည်။
ထိုအမှုနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေး အတွင်းရေးမှူး ဦးဝင်းမြိုင် အား
မေးမြန်းရာတွင် အမှုကို ကိုင်တွယ်ဆောင်ရွက်ရန်မှာ သက်ဆိုင်ရာ တရားရုံး၏ တာဝန်သာဖြစ်၍ ၎င်းတို့ အနေဖြင့် ဤအမှုနှင့်ပတ်သက်၍ ဘာမျှ မပြောလိုကြောင်းနှင့် “ဆွဲ၊ တင်၊ စစ်” (မြေပုံဆွဲ၊ မှတ်တမ်းတင်၊ စစ်ဆေး) လူဦးရေစာရင်း ကောက်ယူမှုကိုလည်း ဧပြီလ ၂၆ ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ရပ်နားထားရကြောင်း မေလ ၂၂ ရက်နေ့ညနေက မဇ္စျိမနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ယခုအမှုအပေါ် ရှေ့နေကြီး ဦးလှမျိုးမြင့် ကလည်း “ကျနော် ဒေါ်အောင်ဆန်းစုကြည် အမှုကို လိုက်တုန်းက ကျနော့် အမျိုးသမီး အလုပ်ဖြုတ်ခံခဲ့ရတယ်။ ကျနော် နိုင်ငံခြားသွားမယ် လုပ်တော့လည်း ပတ်စပို့ ထုတ်မပေးဘူး။ ဒေါ်စု အမှုတုန်းကတောင် ဒီလောက် မစိုးရိမ်ခဲ့ဘူး၊ ခံနိုင်ရည်ရှိခဲ့တယ်။ ဒီအမှုက အရမ်း အန္တရာယ်များတယ်လို့ ခံစားရတယ်။ ဒါပေမယ့် ကျနော် ဥပဒေနဲ့အညီ ဘောင်အတွင်းက ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု သူ၏ စိုးရိမ်မှုကို ထုတ်ဖော်သွားခဲ့သည်။
အထိန်းသိမ်းခံရသူတို့၏ မိသားစုဝင်များနှင့် တွေ့ဆုံမေးမြန်းရန် စစ်တွေရောက် ၎င်းတို့၏ ရှေ့နေမှတဆင့် မဇ္စျိမက ကြိုးစားခဲ့သော်လည်း ပြန်လည်မဖြေကြားလိုကြောင်း တုန့်ပြန်ခဲ့ကြသည်။
တရားရုံးချုပ်ရှေ့နေ ဦးလှမျိုးမြင့်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချျုပ် (NLD) ၏ ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဖြစ်သလို အလုပ်သမားရေးရာ ဥပဒေ အကြံပေးအဖွဲ့ဝင်တဦးလည်း ဖြစ်သည်။