ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ်တွင် ဗဟိုဌာနချုပ် ထားရှိသည့် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၏ ဗဟိုဦးစီး အဖွဲ့တွင် ခေါင်းဆောင်သစ်များ ရွေးချယ် တင်မြှောက်လိုက်ရာ ၁၉၉၀ ခုနှစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်း အား ဥက္ကဋ္ဌသစ်အဖြစ် တာဝန် ပေးအပ်လိုက်ကြသည်။
ရှမ်းပြည်နယ် တောင်ပိုင်းရှိ မောက်မယ်မြို့နယ်၊ လေဗွာ တပ်စခန်းတွင် မေလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့ထိ ကျင်းပသည့် ၎င်းတို့၏ ပထမအကြိမ် ညီလာခံမှ အသက်အရွယ် ကြီးရင့်ပြီ ဖြစ်သည့် ယခင် ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌ တို့အား ဂုဏ်ထူးဆောင် နာယကကြီးများ အဖြစ် တင်မြှောက်ကာ ယခင် အထွေထွေ အတွင်းရေးမှူးနှင့် တွဲဖက် အတွင်းရေးမှူးများကို ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌ များအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ဥက္ကဋ္ဌဟောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် ဒု-ဥက္ကဋ္ဌဟောင်း ဗိုလ်မှူးချုပ် ခွန်တိဆောင် တို့မှာ အသက် ရ၀ ဝန်းကျင်ခန့် ရှိကြပြီး ဥက္ကဋ္ဌသစ် ခွန်မြင့်ထွန်းမှာ အသက် ၅၀ ဝန်းကျင် ရှိကာ ဒု-ဥက္ကဋ္ဌသစ် ဗိုလ်မှူးကြီး ခွန်သူရိန်မှာ အသက် ၄၀ ဝန်းကျင်ခန့်သာ ရှိသည်။
“ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကတော့ နှစ်ဆန်းတရက်နေ့က သူ့ရဲ့ နှစ်သစ်ကူး သဝဏ်လွှာ ထုတ်တယ်။ သူ့အနေနဲ့ အသက်အရွယ်လည်း ကြီးပြင်းလာတဲ့အချိန်မှာ သူ့ကို အနားယူခွင့် ပေးနိုင်မယ် ဆိုရင်လည်း ပေးဖို့ပေါ့။ ဒီအဖွဲ့ချုပ်ရဲ့ ညီလာခံမှာလည်း သူ့ရဲ့ သဘောထားကို ထုတ်ဖော် ပြောဆိုပါတယ်။ ဒါ့ကြောင့် ဒီညီလာခံက သူ့ကို ဗဟိုကော်မတီမှာ ပြန်ပြီး ရွေးချယ်မှု မပြုတာပါ” ဟု ခွန်မြင့်ထွန်း က ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကလည်း “ကျနော်က တော်လှန်ရေးမှာ အနှစ် ၄၀ ကျော်ပြီ။ နည်းနည်းလည်း ပင်ပန်းလာပြီလေ။ အခုအခါက ခက်ခဲကြမ်းတမ်းတဲ့ ကာလလည်း မရှိတော့ဘူးလေ။ အပစ်အခတ်လည်း ရပ်ပြီးပြီ။ တခြား ကိုယ်လုပ်ချင်တဲ့ အလုပ်လေး ဥပမာ ဆိုရင်လည်း စာရေးတာတို့၊ သုတေသန လုပ်တာတို့၊ အတ္ထုပ္ပတ္တိ ပြုစုတာတို့ အဲဒါတွေက ကျနော်လုပ်ချင်တာ ကြာပြီဗျ။ အခုအခြေအနေလေးကို အခွင့်ကောင်း ယူပြီးတော့ လုပ်မှာပေါ့ဗျာ။ အဲဒါပါပဲ” ဟု ပြောသည်။
သို့သော်လည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ အား ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တွင် PNLO ၏ ကိုယ်စားလှယ်အနေနှင့် ဆက်လက် တာဝန်ပေးရန် ဗဟို ကော်မတီက ဆုံးဖြတ် ထားကြောင်း ခွန်မြင့်ထွန်း က ပြောသည်။
ခွန်ဥက္ကာ ကလည်း UNFC သက်တမ်းတခု ကုန်သည်အထိ ဆက်လက် တာဝန်ယူမည် ဖြစ်ပြီး ၂၀၁၄ ခုနှစ်၊
ဖေဖော်ဝါရီလ UNFC ညီလာခံ ပြီးဆုံးပါက တာဝန်ကို ပြန်လည်လွှဲအပ်မည်ဟု ဆိုသည်။
“UNFC ကတော့ ကျနော် လုပ်လက်စ တန်းလန်းလေး တခု နှစ်ခုတော့ ရှိတာပေါ့နော်။ ဦးအောင်မင်း တို့နဲ့ ဆွေးနွေးတဲ့ ကိုယ်စားလှယ်အဖွဲ့ထဲမှာ ပါတဲ့ဟာရယ်။ နောက် UNFC မှာ ကျနော် တာဝန်ယူပြီး လုပ်ပေးနေတဲ့ အလုပ်တချို့လည်း ရှိနေတော့ နောက် ၆ လ၊ ရ လလောက်အထိတော့ ဆက်သွားမှာပေါ့ဗျာ” ဟု သူက ပြောသည်။
လက်ရှိတွင် PNLO သည် မတ်လနှောင်းပိုင်းတွင် အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲထားပြီး
တောင်ကြီးမြို့တွင် ဆက်ဆံရုံး ဖွင့်လှစ်ထားကာ မောက်မယ်နှင့် ဆီဆိုင်မြို့တွင်လည်း ဆက်ဆံရေးရုံးနှင့် သထုံတွင် စီးပွားရေးရုံး ထပ်မံဖွင့်လှစ်သွားမည်ဟု ဆိုသည်။
PNLO အနေနှင့် လက်ရှိအနေအထားအရ လွှတ်တော် နိုင်ငံရေးသို့ ဝင်ရောက်မည် မဟုတ်သေးဘဲ အမျိုးသား လွတ်မြောက်မှု တော်လှန်ရေး ပြီးပြည့်စုံသည့်၊ ပင်လုံ ကတိကဝတ်နှင့်အညီ တန်းတူရည်တူ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်သည့် အချိန်ရောက်မှသာ ဝင်ရောက်မည်ဟု ဆိုသည်။
“ပါတီနိုင်ငံရေးနဲ့ တော်လှန်ရေးကတော့ မတူဘူးလို့ မြင်တယ်။ ပါတီနိုင်ငံရေးအရ ရွေးကောက်ပွဲ ဝင်ဖို့ဆိုတာ အမျိုးသား တော်လှန်ရေး ပြီးပြည့်စုံဖို့ အရင်လိုပါတယ်။ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပွဲတွေနဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာကို အဓိပ္ပါယ်ရှိရှိ ဖြေရှင်းနိုင်ဖို့ဆိုတာ ပထမ ကျပါတယ်” ဟု ခွန်မြင့်ထွန်း က ပြောသည်။
PNLO ကို ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြုလုပ်သည့် ပအိုဝ်း အမျိုးသား ညီလာခံမှ စတင် ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်နယ် တောင်ပိုင်း မောက်မယ်ဒေသတွင် လှုပ်ရှားလျက် ရှိကာ လက်နက်ကိုင် တပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော် ရှိကြောင်း သိရသည်။
ဥက္ကဋ္ဌသစ် ခွန်မြင့်ထွန်းမှာ ၁၉၉၀ ခုနှစ်၊ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် အနိုင်ရခဲ့ပြီး NLD ဗဟိုလူငယ် ခေါင်းဆောင် တဦး အဖြစ်လည်း ရွေးချယ်ခံခဲ့ရသူ ဖြစ်သည်။
၁၉၈၃ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဘူမိဗေဒ သိပ္ပံဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီး ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ စီးပွားရေး ဥပဒေ၊ နိုင်ငံတကာ ဆက်ဆံရေး၊ အသုံးချ စိတ်ပညာ ဘွဲ့လွန် ဒီပလိုမာ တို့ကို ရရှိခဲ့သည်။
၁၉၉၃ ခုနှစ်တွင် သမ္မတ အိမ်တော်ဝင်း၌ ကျင်းပသည့် အမျိုးသား ညီလာခံသို့ NLD ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့် ရခဲ့သည်။
၁၉၉၅ ခုနှစ် နိုဝင်ဘာ ၂၈ တွင် NLD ကိုယ်စားလှယ်များ ညီလာခံက ထွက်ခွာခဲ့ပြီး ၁၉၉၆ ခုနှစ် မေလ ၂၀ ရက်နေ့တွင် “နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ” ပုဒ်မ ၁၀(က) ဖြင့် အထိမ်းသိမ်းခံရသည်။ ၁၉၉၅ ခုနှစ် သြဂုတ် ၂၀ တွင် “အရေးပေါ် စီမံမူ အက်ဥပဒေ” ပုဒ်မ ၅(ည) ဖြင့် ထောင် ရ နှစ် ချခံရသည်။
သထုံ၊ အင်းစိန်၊ အိုးဘို၊ ကလေး၊ အင်းစိန်၊ ဘူးသီးတောင် ထောင်များသို့ ပြောင်းရွှေ့ခံရပြီး ၂၀၀၃ ခုနှစ် သြဂုတ်လတွင် ဘူးသီးတောင် ထောင်မှ လွတ်မြောက်ပြီးနောက် NLD တွင် ၂၀၀၇ ခုနှစ် ဇူလိုင်လထိ ဆက်လက် တာဝန်ယူခဲ့သည်။
၂၀၀၇ ခုနှစ် ဇူလိုင်လတွင် ထိုင်း-မြန်မာနယ်စပ်ရှိ လက်နက်ကိုင် တိုင်းရင်းသားများ နယ်မြေသို့ ရောက်ရှိခဲ့ပြီး ၂၀၀၇ မှ ၂၀၀၉ ခုနှစ်ထိ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိူးသားကောင်စီ NCUB တွင် တာဝန်ထမ်းဆောင် ခဲ့ကာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး PNLO အထွေထွေ အတွင်းရေးမှူး တာဝန်ယူခဲ့သည်။
၂၀၀၉ မှ ၂၀၁၁ ခုနှစ်ထိ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) တွင် အလုပ်သမားရေး ရာ ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။