ရခိုင်ကမ်းလွန်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို POSCO ကုမ္ပဏီ၏ ကုန်သွယ်ရေး လုပ်ငန်းခွဲ ဖြစ် သော ဒေဝူး အင်တာနေရှင်နယ်က တရုတ် နိုင်ငံသို့ စတင် တင်ပို့ရောင်းချတော့မည် ဟု ကြာသပတေး နေ့က ပြောကြားလိုက်သည်။
ယင်း သဘာဝဓာတ်ငွေ့များကို မြန်မာ့ကမ်းလွန် သဘာဓာတ်ငွေ့ လုပ်ကွက် နှစ်ခုမှ ဇွန်လမှ စတင် ထုတ်လုပ် မည် ဖြစ်ကြောင်း Korea Herald သတင်းတရပ်တွင် ဖော်ပြပါရှိသည်။
အဆိုပါကုမ္ပဏီသည် ကျောက်ဖြူမြို့အနီး လုပ်ကွက် A1 နှင့် A3 တို့တွင် ၂၀၀၀ ခုနှစ်ကတည်းက ရှာဖွေ တူးဖော်မှုများ ပြုလုပ်ခဲ့ပြီး အစုရှယ်ယာ ၅၁% ပိုင်ဆိုင်ထားသည်။
ထုတ်လုပ်ရရှိသော ဓာတ်ငွေ့များကို တရုတ်နိုင်ငံ အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) သို့ ရောင်းချမည်
ဖြစ်ပြီး မြန်မာနိုင်ငံကို ဖြတ်သန်းဆောက်လုပ်ထားသည့် ကီလိုမီတာ ၈၀၀ ရှည် ပိုက်လိုင်း မှတဆင့်
ရောင်းချမည် ဖြစ်သည်။ ယင်းပိုက်လိုင်းသည် ယခုလကုန်တွင် တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးမည်ဟု ကုမ္ပဏီက ပြောသည်။
အဆိုပါလုပ်ကွက်နှစ်ခုမှ တနေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၅,၀၀၀ ကို နောက်နှစ်ပေါင်း ၂၅ နှစ်မှ ၃၀ ထိ ထုတ်လုပ်နိုင်လိမ့်မည်ဟု ဒေဝူးအင်တာနေရှင်နယ်က မျှော်လင့်ထားပြီး ပျမ်းမျှ တနှစ်လျှင် အခွန်မဆောင်မီ ဝင်ငွေ ၄၀၀ ဘီလီယံ ဝမ် (ဒေါ်လာ ၃၄၀ သန်း) ထိ ရရှိနိုင်လိမ့်မည်ဟု ဆိုသည်။
ပိုက်လိုင်းသွယ်တန်းရာ ရခိုင်ဒေသတလျှောက်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးရန်
ဒေသခံများ၏ ဆန္ဒပြ တောင်းဆိုမှုများလည်း ရှိနေပြီး ဆန္ဒပြ ခေါင်းဆောင်အချို့ကိုလည်း အာဏာပိုင်များက အရေးယူမှုများလည်း ရှိနေသည်။
ထို့ပြင် ပိုက်လိုင်း ဖြတ်သန်းမည့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း ပဋိပက္ခများ ဖြစ်ပွားစေ၍ ငြိမ်းချမ်းရေး
ဆွေးနွေးစဉ်ကာလအတွင်း စီမံကိန်း ရပ်ဆိုင်းထားရန် ရှမ်းလူမှုအဖွဲ့များက တောင်းဆိုထားသည်။
ထိုစီမံကိန်းနှင့်စပ်လျဉ်း၍ တရုတ်ပြည် ကွန်မြူနစ်ပါတီမှ ရခိုင်နှင့် ရှမ်းနိုင်ငံရေးပါတီများအပါအဝင် ပါတီအချို့ အား တရုတ်ပြည်သို့ ဖိတ်ခေါ်၍ ဆွေးနွေးမှုများကို မေလအတွင်းမှာပင် ပြုလုပ်ခဲ့သည်။