ကျောင်းချိန် ပြင်ပတွင်သာ မွန်စာပေ သင်ကြားခွင့် ပြုခြင်းမှာ မလုံလောက်နိုင်၍ကျောင်းချိန် အတွင်းသင်ကြား ခွင့်ရရန် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ကပြောဆို လိုက် သည်။
“ကျောင်းချိန် ပြင်ပမှာ ကျနော်တို့ သင်ကြည့်မယ်ဆိုရင် ဘာတွေ အခက်အခဲ ရှိလာမယ်ဆိုတာ သိလာပါ လိမ့်မယ်။ ဒီကနေကျနော်တို့ တဆင့်တက်ပြီး ကြိုးပမ်းသွားမယ်” ဟု ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုး က ပြောသည်။
“အခုခေတ် ကျောင်းသားတွေက ကျူရှင်လည်းရှိတယ်။ ကျောင်းချိန်ပြင်ပဆိုတာ အချိန် ဘယ်လောက် ရမလဲ။ ကျောင်းဆရာတွေကို ဘယ်လို ရှာမလဲ။ ဆရာ တယောက်တည်း သုံးခန်း (သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း) မှာ သင်ရမယ်ဆိုရင် အချိန် ဘယ်လောက် ရပါ့မလဲ” ဟု ၎င်းက ဆက်ပြောသည်။
ပြည်ထောင်စု အစိုးရ အနေနှင့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၌ မွန်စာပေကို ဒုတိယတန်းအထိကျောင်းချိန် ပြင်ပတွင် သင်ကြားရန် ခွင့်ပြုထားပြီး သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာကို ပြည်ထောင်စုအစိုးရအဖွဲ့ သို့ပေးပို့ထားကာ ပြဋ္ဌာန်းစာအုပ်များကိုလည်း ရိုက်နှိပ်နေပြီဟု ဆိုသည်။
လက်ရှိတွင် ပြည်ထောင်စု အစိုးရက ပြည်နယ် ပညာရေးဌာနသို့ မွန်စာပေ သင်ကြားနိုင်မည့် ကျောင်းဆရာ စာရင်းများကို တောင်းခံထားသည်။
“အခု ပြည်နယ် ပညာရေးကို စာဝင်လာတယ်။ လက်ရှိ ရှိနေတဲ့ (မြန်မာ) ကျောင်းဆရာမှာပဲ မွန်စာ သင်နိုင်တဲ့ ဆရာ ဘယ်နှစ်ဦး ရှိလဲ။ အဲဒါကို စာရင်းတောင်းထားတယ်” ဟု ဒေါက်တာမင်းနွယ်စိုးက ပြောသည်။
အကယ်၍ ကျောင်းချိန်အတွင်း မွန်စာပေကို သင်ကြားခွင့် ပြုပါက မွန်ကျောင်းဆရာများအတွက် ပုံမှန် လစာများ ပေးရန် လိုအပ်ပြီး ကျောင်းတကျောင်းတွင် အနည်းဆုံး တဦး ထားရှိရမည် ဖြစ်ကာ မွန်ပြည်နယ် အတွင်း အနည်းဆုံး မွန်ကျောင်းဆရာ ရာချီ လိုအပ်မည် ဖြစ်သည်။
ကျောင်းချိန် ပြင်ပတွင် တိုင်းရင်းဘာသာကို သင်ကြားပေးရန် လျာထားကြောင်းကို ပညာရေး ဝန်ကြီးဒေါက် တာမြအေး က ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် နေပြည်တော်ရှိ ဝန်ကြီးဌာနအစည်းအဝေးတွင်ပြောကြား ခဲ့သည်။
မွန်သင်ရိုးညွှန်းတမ်းအတွက် မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ဦးစီးကာ မွန်သံဃာတော်များ၊ မွန်စာတတ် တက္ကသိုလ် ကျောင်းဆရာများ စသည်တို့က ဆွေးနွေးခဲ့ကြပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ရိုက်နှိပ်ခဲ့သည့် မူလတန်း မွန်ဖတ်စာများကိုအနည်းငယ်ပြင် ဆင် ဖြည့်စွက်ကာ ပြဋ္ဌာန်းစာအုပ်အဖြစ်ပြည်နယ် အစိုးရသို့ တင်ပြခဲ့သည်။
“မွန်ဖတ်စာက အများကြီး ရှိတယ်။ ပါလီမန်ခေတ်က စာအုပ်၊ မဆလခေတ်က စာအုပ်၊ ဘုန်းကြီးကျောင်းက စာအုပ်တွေ၊ နောက်တော့ မြို့နယ် အသီးသီးက စာအုပ်တွေ ရှိတယ်။ အချိန် မလုံလောက်တော့ ခေတ်နဲ့ ကိုက်ညီတဲ့ မဆလ ခေတ်က မွန်ဖတ်စာအုပ်ကိုပဲ နည်းနည်းပြင်ပြီး ကျနော်တို့ တင်လိုက်တယ်” ဟု မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ မင်းကြည်ဝင်း က ပြောသည်။
မွန်စာပေ သင်ကြားရေးအတွက် တနှစ်လျှင် ဒေါ်လာတသန်း ထောက်ပံ့သွားမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်နှင့် ဒီမိုကရေစီ မိတ်ဆွေများ ပါတီများမှ ခေါင်းဆောင်များ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ကနေပြည်တော်တွင် တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ အောက်ပိုင်းတွင် နေထိုင်သည့် မွန် တိုင်းရင်းသား ကလေးငယ်များ မိခင်စာပေ သင်ကြားခွင့် ရရှိရန်အတွက် ၁၉၇၂ ခုနှစ်တွင် မွန်ပြည်သစ်ပါတီက မွန်စာပေသင်ကျောင်းများကို စတင်ဖွင့်လှစ်ခဲ့သည်။
မွန်အမျိုးသား ပညာရေး ကော်မတီ၏ စာရင်းအရ ၂၀၁၂- ၂၀၁၃ ပညာသင်နှစ်တွင် မွန်စာပေသင်ကျောင်း ၂၇၂ ကျောင်း ရှိသည့်အနက် မွန်အမျိုးသားကျောင်း ၁၄၃ ကျောင်းနှင့် အစိုးရနှင့် ပူးတွဲကျောင်း ၁၂၉ ကျောင်း ရှိကာ ဆရာ၊ ဆရာမ ၈၀၈ ဦးနှင့် ကျောင်းသူ ကျောင်းသား ၃၄,၀၀၀ ကျော် ရှိကြောင်း သိရသည်။