ကျောင်းဖွင့်ချိန်နီး၍ ကချင်ဒုက္ခသည် ကလေးများအတွက် ကျောင်းနှင့် ဘော်ဒါဆောင်များ လိုအပ်

ကျောင်းဖွင့်ချိန်နီး၍ ကချင်ဒုက္ခသည် ကလေးများအတွက် ကျောင်းနှင့် ဘော်ဒါဆောင်များ လိုအပ်
by -
မဇ္စျိမ

၂၀၁၃-၁၄ ပညာသင်ကာလ စတင်တော့မည်ဖြစ်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာ နယ်မြေအတွင်းရှိ စစ်ပြေး ဒုက္ခသည် ကလေးများ၏ ပညာရေးအတွက် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု ဒုက္ခသည်များအား ကူညီနေသော အဖွဲ့များက ပြောသည်။

ဇွန်လမှာ ကျောင်းဖွင့်တော့မည် ဖြစ်၍ ကျောင်းအဆောက်အအုံနှင့် ဘော်ဒါဆောင်များ ဆောက်လုပ်ပေးရန် လိုအပ်နေသည်ဟု ကချင်စစ်ပြေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအဖွဲ့ (Wunpawng Ninghtoi-WPN)မှ တာဝန်ခံ ဒေါ်မေရီတောမ် က မဇ္စျိမကို ပြောသည်။

“စခန်း ၆ က ကျောင်းသားအားလုံးက မိုင်ဂျာယန်ကျောင်းမှာပဲ သွားတက်ရမယ်။ ရှမ်းပြည်ဘက်က လာတဲ့ ကျောင်းသားတွေလည်း လာတယ်။ သူတို့က မိဘတွေနဲ့ မနေတော့ သူတို့အတွက် ဘော်ဒါဆောင်နဲ့ ကျောင်းဆောင် ဆောက်ဖို့ အရေးတကြီး လိုအပ်မယ်။ သူတို့အတွက်က အိပ်ယာက အစ၊ စားဖို့သောက်ဖို့ ကအစ လိုအပ်နေတယ်။ ကလေးတွေအတွက် အရမ်းစိတ်ပူနေရတယ်” ဟု ဆိုသည်။  

လတ်တလော ရှမ်းပြည်နယ် မြောက်ပိုင်းရှိ KIO တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ အနီးတဝိုက်ရှိ နမ်ခမ်း၊ ကုပ်ခိုင်၊ မူဆယ်၊ လွယ်ကန် စသည့် မြို့နယ်များမှ စစ်ပြေးဒုက္ခသည်ကျောင်းသား ၁,၀၀၀ ခန့်လည်း မိုင်ဂျာယန်သို့ ရောက်ရှိလာ၍ ၎င်းတို့ နေထိုင်ရန် ဘော်ဒါဆောင်များ လိုအပ်နေခြင်း ဖြစ်သည်။

“မနှစ်ကတော့ တိုက်ပွဲဖြစ်လို့ နီးစပ်ရာ ကိုယ့်ဆွေမျိုးတွေအိမ်မှာ သွားနေတယ်။ ၂ နှစ် ဖြစ်လာပြီဆိုတော့ ဘယ်သူမှ မကြည့်ပေးနိုင်တော့ဘူးလေ။ အဲဒီလို ဖြစ်တော့ အဲဒီကလေးတွေက မိုင်ဂျာယန်ဘက်ကို ကျောင်းတက်ဖို့ရောက်လာ တယ်” ဟု ၎င်းက ဆက်ပြောသည်။

ပုံမှန်ကူညီထောက်ပံ့သော အဖွဲ့အစည်းတချို့၏ ကူညီထောက်ပံ့မှုများ လျော့နည်းလာပြီး စားဝတ်နေရေး လိုအပ်လာသလို ကလေးများ၏ ပညာရေးအတွက် အဓိက လိုအပ်ချက်ဖြစ်နေသည်ဟု ကချင်ဒုက္ခသည်များ ကယ်ဆယ်ရေးကော်မတီမှ တာဝန်ခံ ဆလန်ကဘား ဦးဒွဲပီဆား က ပြောသည်။

“အရင်က ရန်ကုန်၊ မန္တလေးဘက်ကတော့ သူတို့ အလှူငွေရတဲ့အချိန်ပဲ လာလှူတယ်ဆိုတော့ ခုနောက်ပိုင်း လာလှူတာတွေ နည်းသွားတယ်။ ခုက စားဖို့ သောက်ဖို့ပဲ လိုနေတယ်။ နေထိုင်ဖို့က ဖြစ်သလို ပြင်ပြီးနေလို့ ရတယ်။ ခုအရေးကြီးဆုံးက ကျောင်းသားတွေအတွက် လိုအပ်နေတယ်” ဟု မဇ္စျိမကို ပြောသည်။  

မိုင်ဂျာယန်နယ်အနီး ဒုက္ခသည်စခန်း ၆ ခုတွင် အထက်တန်းကျောင်း ၁ ကျောင်းသာ ရှိသဖြင့် ယမန်နှစ်ကျောင်းက
ကျောင်းသားပေါင်း ၁,၃၀၀ ခန့် ရှိပြီး ကျောင်းသားများကို မနက်၊ ည ပိုင်းခြား၍ သင်ကြားခဲ့သည်ဟု သိရသည်။

ကုလအဖွဲ့အစည်းများထံ ပညာရေးအတွက် ကူညီထောက်ပံ့ပေးရန် တင်ပြထားသော်လည်း ယခုထိ ထောက်ပံ့
ပေးခြင်း မရှိသေး၍ စိုးရိမ်မှုများ ရှိနေသည်ဟု ဒေါ်မေရီတောမ် က ဆက်ပြောသည်။

“ဘယ်သူမှ လာမပေးတော့ဘူး။ ပညာရေးဆို မပေးတော့ဘူး။ ဥပမာ မနှစ်တုန်းက ပညာရေးနဲ့ ပတ်သက်လို့ UNOCHA က ပေးတယ်။ ဒီနှစ်ဆိုရင် မပေးဘူး။ ကျမတို့က တင်ပြီးပြီ။ မပေးသေးဘူး။ ခုလည်း တင်ထားတုန်း။ သူတို့ မပေးဘူးဆိုရင် အခုမှ တခြားရှာနေရတုန်း။ အဲဒါကြောင့်မို့ ဒီပညာရေး အပိုင်းက အရမ်းကို အရေးကြီးတယ်။ အစားအသောက်ဆိုရင်လည်း စိတ်ချရတဲ့ အာမခံချက် မရှိဘူး ဖြစ်နေတယ်” ဟု ဆိုသည်။  

ထို စခန်း ၆ ခုအတွင်းရှိ စစ်ပြေးဒုက္ခသည်ပေါင်း ၉,၀၀၀ အတွက် ပုံမှန်အားဖြင့် ကရုဏာအဖွဲ့မှ ဆန်၊ ဆီ၊ ဆား၊ ပဲ များကို တာဝန်ယူ ထောက်ပံ့ခဲ့နေပြီး WPN မှ အာလူး၊ ငါးခြောက်၊ ငရုပ်သီးခြောက်၊ ကြက်သွန်ဖြူ စသည်တို့ကို တာဝန်ယူ ထောက်ပံ့နေသည်ဟု သိရသည်။

“အခု မေနဲ့ ဇွန်မှာ KMSS ကရုဏာအဖွဲ့က မကူညီနိုင်တော့ဘူး။ အဲဒါတော့ ငါတို့က တာဝန်ယူရမယ့်အပိုင်း ရှိတယ်။ ဒါပေမယ့် ငါတို့ဆီမှာလည်း မရှိဘူး။ ကျမတို့ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေတယ်။ လောလောဆယ်တော့ ရှိတာလောက်ကို ကူညီနေတယ်” ဟု ဒေါ်မေရီတောမ် က ဆက်ပြောသည်။  

မနှစ်က ဇူလိုင်လအတွင်း ထိုစစ်ပြေးဒုက္ခသည်များအတွက် ကုလသဂ္ဂ အဖွဲ့အစည်းများ၏ ကူညီ ထောက်ပံ့မှု များ နှစ်ကြိမ်ခန့် လက်ခံရရှိခဲ့သော်လည်း ယခု နောက်ပိုင်း အစိုးရဘက်မှ ခွင့်ပြုခဲ့ခြင်း မရှိပေ။

Most read this week