၂၀၁၅ ရွေးကောက်ပွဲ ကျားဖြူပါတီမှ မဲဆန္ဒနယ် တိုးချဲ့ပြိုင်ဆိုင်မည်

၂၀၁၅ ရွေးကောက်ပွဲ ကျားဖြူပါတီမှ မဲဆန္ဒနယ် တိုးချဲ့ပြိုင်ဆိုင်မည်
by -
မဇ္စျိမ

၂၀၁၅ ရွေးကောက်ပွဲတွင် သျှမ်းနီလူမျိုးများနေထိုင်သော စစ်ကိုင်းတိုင်းမှအပ ကချင်ပြည်နယ်နှင့် သျှမ်းပြည်နယ်အနှံ့ ကျားဖြူပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီဥက္ကဌ စိုင်းအိုက်ပေါင်းကပြောသည်။

 ၂၀၁၀ ရွေးကောက်ပွဲက ကျားဖြူပါတီ၏ လက်ကမ်းစာစောင်

သျှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီသည် ကချင်ပြည်နယ်ရှိ ၆ မြို့နယ်တို့တွင်လည်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်းပြောပါသည်။  သျှမ်းနီလူမျိုးများလည်း နေထိုင်သည့် မိုးကောင်း ၊ မိုးညှင်း တို့တွင် သျှမ်းနီပါတီနှင့် ညှိနှိုင်း၍ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း စိုင်းအိုက်ပေါင်းကပြောသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် တမြို့နယ်လျှင် ကိုယ်စားလှယ် ၅ ဦးစီကိုလည်း ကျားဖြူပါတီမှရွေးချယ် စိစစ် နေပြီ ဖြစ် ကြောင်း၊ ရွေးချယ်ပြီးစီးခဲ့ပါက အလုပ်အကြောင်း သင်တန်းဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း လည်းပြောဆိုပါသည်။

“ တမြို့နယ် ၅ ယောက်အမည်စာရင်း ယူထားတယ်။ အဲတာကမှတဆင့် စီအီးစီကနေ ၃ ယောက်ရွေးယူမယ်။ ကျန်တဲ့ ၂ ယောက်ကိုအရံအဖြစ်ယူထားမယ်။ ဒီအရံတွေကို ၂၀၂၀ ကျရင် ဦးစားပေးစာရင်းထဲမှာ ထဲ့သွင်းထား တယ်” ဟုဆိုပါသည်။

၂၀၁၅ ရွေးကောက်ပွဲတွင်ပါဝင်တော့မည်မဟုတ်ကြောင်း ထွက်ပေါ်နေသည့်သတင်းနှင့်ပတ်သက်၍ ဦးစိုင်းအိုက်ပေါင်းက “ ကျနော် အသက်ကြီး ပါပြီဗျာ။ ဒီနှစ် ၆၈ နှစ်ရှိပြီ။ တကယ်လို့နေကောင်းကျန်းမာ လျက်ဆိုရင်တော့ လူထုအကျိုးဆက်လက် သယ်ပိုးမှာပါ။ အသက်ကြီးပြီဆိုတော့  ပါဝင်မယ် မပါဝင်ဘူးဆိုတာ ကျနော်အာမခံပြောလို့မရသေးဘူးလေနော်” ဟု သျှမ်းသံတော်ဆင့်အားပြောဆိုပါသည်။

ဦးစိုင်းအိုက်ပေါင်း ဦးဆောင်သော ကျားဖြူပါတီသည် ၂၀၁၀ ရွေးကောက်ပွဲက သျှမ်းပြည်၌ ၅၀ နေရာ၊ ကချင်ပြည် ၆ နေရာနှင့် မန္တလေးတိုင်း ဒေသကြီး ၁ နေရာဖြင့် လွှတ်တော်အတွင်းထိုင်ခုံ ၅၇ ခု ရရှိခဲ့သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက် ပွဲတွင်လည်း သျှမ်းပြည်မြောက်ပိုင်း မဲဆန္ဒနယ်အမှတ် ၃ အမျိုးသားလွှတ်တော် လစ်လပ်နေရာအား သျှမ်းတိုင်းရင်းသား များဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူ ပါတီ SNDP မှ စိုင်းစံမင်းကပင် အနိုင်ရခဲ့သည်။   ဦးစိုင်းအိုက်ပေါင်းမှာ သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ၌ ပြည်နယ်လွှတ်တော် အမတ်အဖြစ် အနိုင်ရခဲ့ပြီးနောက် သျှမ်းပြည်အစိုးရ၏ သတ္တုတွင်းဝန်ကြီး ဖြစ်လာခဲ့သည်။

Most read this week