အခြေခံဥပဒေ “သော့ခတ်ထားတာ မဟုတ်ဘူး” ဟု အမေရိကန်ရောက် သမ္မတ ပြော

အခြေခံဥပဒေ “သော့ခတ်ထားတာ မဟုတ်ဘူး” ဟု အမေရိကန်ရောက် သမ္မတ ပြော
by -
မဇ္စျိမ

ဖွဲ့စည်းပုံ အခြေခံဥပဒေကို သော့ခတ်မထားဘဲ ပြင်ဆင်လိုက ပြင်ဆင်နိုင်သည်ဟု အမေရိကန် ပြည်ထောင် စုရောက် သမ္မတ ဦးသိန်းစိန်က ဝါရှင်တန်မြို့ အခြေစိုက် အမေရိကန်အသံ (မြန်မာပိုင်း)မှ ဦးဆောင်ပြုလုပ် သော မြန်မာများနှင့် တွေ့ဆုံရာတွင် ပြောဆိုလိုက်သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြန်ပြောရမယ်ဆိုရင် ကျနော်တို့ ပြင်နိုင်ပါတယ်။ Amendment (ပြင်ဆင်ဖြည့်စွက်ချက်အခန်း) ကျနော်တို့ ရှိတယ်။ ကျနော်တို့ ဒါ သံမဏိစည်းမျဉ်း မဟုတ်ဘူး။ သော့ခတ် ထားတာ မဟုတ်ဘူး။ Amendment ကျနော်တို့ ပေးထားတယ်။ လွှတ်တော်က ပြင်နိုင်တယ်။ ပြည်သူကပြင် နိုင်တဲ့အနေအထား ကျနော်တို့ ရှိပါတယ်” ဟု မေလ ၁၉ ရက်နေ့က ပြောဆိုသွားခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့အခန်း ၁၂ တွင် ပြဋ္ဌာန်းထားသည့် အချက်များကို သမ္မတက ရည်ညွှန်း ပြောဆိုခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကြွေးကြော်သံဖြင့် ကြားဖြတ်ရွေးကောက်ပွဲဝင် အနိုင်ရခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကမူ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲမည် ဆိုပါက ဥပဒေ ပြင်ဆင်ဖို့ နည်းလမ်းများ ကိုလည်း ပြောင်း ရမည်ဟု မေလ ၁၀ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတခုတွင် ထောက်ပြ ပြောဆိုသွားသည်။

အခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာ ပုဒ်မ ၄၃၆ အရ အရေးပါ အခရာကျသော ပြဋ္ဌာန်းချက်များကို ပြင်ဆင် လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ရ၅ ရာခိုင်နှုန်းကျော်၏ သဘောတူညီချက်ဖြင့်သာပြည်လုံး ကျွတ်ဆန္ဒခံယူပွဲလုပ်၍ ၎င်းမှ ထက်ဝက်ကျော် ဆန္ဒမဲဖြင့် သာ ပြင်ဆင်နိုင်ခွင့် ပေးထားသည်။

NLD မှ လွှတ်တော်အမတ်များက ယခုလအတွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ဖျက်သိမ်းမည့် ပုဒ်မများနှင့် ထပ်မံ ထည့်သွင်းမည့်အချက် များကို ဆွေးနွေးလျက်ရှိသည်ဟု ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း က ပြောဆိုထားသည်။ သို့သော် အသေးစိတ် အချက်အလက်များကိုမူ ပြောဆိုခြင်း မရှိပေ။

ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်အတွင်း အင်အားအကြီးဆုံး ပါတီဖြစ်သော ကြံ့ခိုင်ရေးပါတီနှင့် ပူးပေါင်းလုပ်ဆောင်ရန်ရှိသည် ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ယခုလအတွင်းက မီဒီယာများကိုပြောဆိုထားသည်။

မတ်လ ၁၅ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီနှင့် ကော်မရှင်များ ဖွဲ့စည်းရေး အရေးကြီး အဆိုကို

ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် သူရဦးအေးမြင့် က တင်သွင်းကာ အတည်ပြုခဲ့ကြပြီး ဖြစ်သည်။

အမေရိကန်ရောက် မြန်မာများနှင့် တွေ့ဆုံရာတွင် လူအများ စိတ်ဝင်စားလျက်ရှိသည့် ဖွဲ့စည်းပုံပါ တပ်မတော် သား လွှတ်တော်အမတ် ၂၅ ရာခိုင်နှုန်းနှင့် ပတ်သက်၍လည်း ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် က ကာကွယ်ပြောဆိုသွားသည်။

“မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ကို ပစ်ပယ်ထားဖို့ မသင့်ဘူးလို့ ကျနော် ဒီလို ထင်ပါတယ်။ တပ်မတော်ကို ပစ်ပယ်ထားလို့မရပါဘူး။ ပြည်သူ နဲ့ပေါင်းပြီးတော့ ဘာပဲဖြစ်ဖြစ် တပ်မတော် အခန်းကဏ္ဍတရပ်အနေနဲ့ ဆောင်ရွက်နေရမှာ ပါ။ နိုင်ငံရေးလုပ်ငန်းစဉ်မှာ တပ်မတော်က ပါဝင်ခွင့် မရှိဘူးလို့ ဒီလိုပြောလို့ ဒါတော့ မမှန်ဘူးလို့ ကျနော် ထင်ပါတယ်” ဟု သမ္မတက ပြောသည်။ သို့သော် လွှတ်တော်တွင်းရောက် တပ်မတော် သားများ၏ အရေအတွက်သည် တဖြည်းဖြည်း လျော့ကျသွားမည်ဟုလည်း ၎င်းက ဆိုသည်။

ယခုခရီးစဉ်မှာ သမ္မတ အိုဘားမားနှင့် တွေ့ဆုံကာ အခက်အခဲများကို ကူညီဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်သို့ လာရောက်ရခြင်းဖြစ် သည်ဟုလည်း သမ္မတ ဦးသိန်းစိန်က ပြောဆိပြီး အမေရိကန်တက္ကသိုလ် ဌာနခွဲများ မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်နိုင်ရန် ဆွေးနွေးသွားမည်ဟု ဆိုသည်။

အမေရိကန်နိုင်ငံသည် ပြည်သူများကို ဒီမိုကရေစီ အခွင့်အရေးများ အပြည့်အဝ ပေးထားသကဲ့သို့ အမေရိကန်ပြည်သူများ ၏ တာဝန်ယူမှု တာဝန်သိတတ်မှုများကလည်း အတုယူဖွယ်ဖြစ်သည်ဟု ဦးသိန်းစိန် က ဆိုသည်။

သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် တို့လည်း လိုက်ပါသွားကြသည်။

သမ္မတ၏ အမေရိကန် ခရီးစဉ်သည် မေလ ၂၁ ရက်နေ့တွင် အဆုံးသတ်မည်ဖြစ်သည်။ ဦးသိန်းစိန် သည် နှစ်ပေါင်း ၄၇ နှစ်အတွင်း အမေရိကန်သို့ သွားရောက်သည့် ပထမဆုံး မြန်မာနိုင်ငံ အကြီးအကဲ တဦး ဖြစ်ပြီး ယခုခရီးစဉ်မှာ ၎င်း၏ ဒုတိယအကြိမ် အမေရိကန် ခရီးစဉ်ဖြစ်သည်။

Most read this week