ရွှေ့ပြောင်း အလုပ်သမားအဖွဲ့ အမေရိကန်မှ ချီးမြှင့်သည့် အလုပ်သမား အခွင့်အရေးဆု ရရှိ

ရွှေ့ပြောင်း အလုပ်သမားအဖွဲ့ အမေရိကန်မှ ချီးမြှင့်သည့် အလုပ်သမား အခွင့်အရေးဆု ရရှိ
by -
မဇ္စျိမ

မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေး ကွန်ယက် (MWRN)အား အမေရိကန် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အခွင့်အရေး ဖိုရမ် (ILRF) က အလုပ်သမား အခွင့်အရေး ကာကွယ်ရေးဆု (2013 International Labor Rights Award) ချီးမြှင့်လိုက်သည်။

ဆုလက်ခံရယူရန် အတွက် MWRN ဥက္ကဋ္ဌနှင့် အထူး အကြံပေးတို့ နှစ်ဦးသည် မေလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံမှတဆင့် လေကြောင်း ခရီးဖြင့် ထွက်ခွာသွားပြီ ဖြစ်ကြောင်း ဒု-ဥက္ကဋ္ဌ ဦးထွန်းထွန်းဇော် က ပြောသည်။

“ဒီနေ့ မနက် ၆ နာရီမှာ လေကြောင်း ခရီးနဲ့ ထွက်သွား ကြတာပါ။ ဥက္ကဋ္ဌ ဦးအောင်ကျော်နဲ့ အထူး အကြံပေး ဦးစိန်ဌေးတို့ ဆုကို လက်ခံယူဖို့ သွားကြပါတယ်” ဟု မဇ္စျိမကို ပြောသည်။

သို့သော်လည်း ၎င်းဆုကို မည်သည့် အကြောင်းအရာကို အခြေပြု၍ ပေးအပ်ခြင်း ဖြစ်သည်ကို ယခု ထက်ထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း ဦးထွန်းထွန်းဇော် က ဆက်ပြောသည်။

“မထင်ထားဘူးပေါ့။ ဒီလိုမျိုး ကမ္ဘာ့နိုင်ငံကြီး တခုရဲ့ အဖွဲ့အစည်းကြီး တခုက နေပြီးတော့ ဆုတွေ ပေးလာ လိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး။ ကျနော်တို့ကလည်း ဆုကို မျှော်လင့်ပြီးတော့ လုပ်ဆောင်ချက်တွေ လုပ်နေတာလည်း မဟုတ်ဘူး။ ကြားရတဲ့ အချိန်တုန်းကတော့ မယုံကြည်မိဘူးပေါ့။ အရမ်းကို ဝမ်းသာမိတယ်။ ဒါပေမယ့် သို့လော သို့လောပေါ့။ ဘယ်လို လုပ်ဆောင်ချက်တွေပေါ်မှာ မူတည် ပြီးတော့ ပေးခဲ့တာလဲ ဆိုတာတောင်မှ ကျနော်တို့အနေနဲ့ မခန့်မှန်းနိုင်ဘူးပေါ့ဗျာ” ဟု ပြောသည်။

ဆုပေးပွဲ အခမ်းအနားကို ဝါရှင်တန် ဒီစီ မြို့တော်၌ မေလ ၂၂ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး MWRN အဖွဲ့နှင့် အတူ ထိုင်းအလုပ် သမားသမဂ္ဂ တခု ဖြစ်သည့် The State Enterprises Workers’ Relations Confederation (SERC) ကိုလည်း ပူးတွဲ ပေးအပ်မည် ဖြစ်သည်။

SERC အဖွဲ့သည် အနေနှင့် ထိုင်းနိုင်ငံတွင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအပေါ် နည်းစနစ် တကျ အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေခြင်း ရပ်တန့်နိုင်ရေး ရှေ့တန်းမှ ရပ်တည်ကာ လုပ်ဆောင်ပေးလျက် ရှိသည့် (MWRN) အဖွဲ့ကြီး စတင် ကြီးထွား အောင်မြင်စေရန် ကူညီ လုပ်ဆောင် ပေးခဲ့သည့် အဖွဲ့ဖြစ်ကြောင်း ILRF ၏ အင်တာနက် စာမျက်နှာ၌ ဖော်ပြထားသည်။

MWRN အဖွဲ့သည့် အသင်းဝင်များ၏ တဦး ၃၀ ဘတ်ဖြင့် ရရှိသော လစဉ်အသင်းဝင်ကြေး ဖြင့်သာ အဓိက ရပ်တည်ကာ လည်ပတ်လျက် ရှိပြီး လက်ရှိ၌ အသင်းဝင် ဦးရေ ရ၀၀ နီးပါး ရှိပြီ ဖြစ်ကြောင်း ဒု-ဥက္ကဋ္ဌ က ပြောသည်။ ထိုင်းနိုင်ငံ ဆမုစ်ဆာခွန် ခရိုင် ၊ မဟာချိုင်ရှိ ဝီန်လ ရပ်ကွက်တွင် ရုံးဖွင့်ထားပြီး မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအတွက် အခွင့်အရေးနှင့် တရားမျှတမှု ဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေး ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များတွင် ကူညီဆောင်ရွက် နိုင်ရန် ရည်ရွယ် ဖွဲ့စည်းထားကြောင်း သိရှိရသည်။

ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် ပညာပေးရေး ကဏ္ဍတို့၌ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးနှင့်လည်း ချိတ်ဆက်လုပ်ဆောင်မှုများ ရှိသည် ဟုလည်း MWRN က ဆိုသည်။

၂၀၁၂ ခုနှစ်၊ မေလ ၃၀ ရက်နေ့၌ ဒေါ်အောင်ဆန်း စုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း အဆိုပါ ဆမုစ်ဆာခွန် ခရိုင်၊ မဟာချိုင် MWRN ရုံးသို့လည်း လာရောက်ခဲ့စဉ် ရွှေ့ပြောင်း လုပ်သားများ ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ MWRN မှ တင်ပြဆွေးနွေးခဲ့သည်။

Most read this week