မဟာဆန် ဆိုင်ကလုန်း အနီရောင် အရေးပေါ်အဆင့်သို့ရောက်ရှိ

မဟာဆန် ဆိုင်ကလုန်း အနီရောင် အရေးပေါ်အဆင့်သို့ရောက်ရှိ
by -
မဇ္စျိမ

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်းမဟာဆန်သည် အနီရောင်အရေးပေါ် အဆင့်သို့ရောက်ရှိလာပြီး ရခိုင်ပြည်နယ် ၊ မောင်တောမြို့ကို နောက် ၁၈ နာရီ အတွင်းဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနက မေလ ၁၅ ရက် ည ရ နာရီက သတိပေးချက် ထုတ်   ပြန်လိုက်သည်။

အဆိုပါမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွှေ့လျားနေပြီး နောက် ၁၈ နာရီအတွင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့နှင့် ရခိုင်ပြည်နယ် မောင်တောမြို့ကမ်းခြေကို ဖြတ်ကျော်ဝင် ရောက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြ ထားသည်။

မုန်တိုင်းဖြတ်ကျော်ဝင်ရောက်စဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ရ၀ အထိ တိုက်ခတ်နိုင်ပြီး မုန်တိုင်း ကြောင့်မြင့်တက်လာသော ရေလှိုင်း အမြင့်မှာ မောင်တောမြို့နယ် ကမ်းခြေတွင် ၈ ပေမှ ၁၀ ပေခန့် ၊ စစ်တွေခရိုင် ကမ်းခြေတွင် ၆ ပေမှ ၈ ပေခန့်နှင့် ကျောက်ဖြူခရိုင်ကမ်းခြေတွင် ၄ ပေမှ ၆ ပေခန့် အထိမြင့်တက်နိုင်ကြောင်း ည ၆ နာရီခွဲအချိန်တိုင်းထွာချက်အရထုတ်ပြန်ထားသည်။

လက်ရှိအနေအထားတွင် အဆိုပါ မုန်တိုင်းသည် မောင်တောမြို့၏အနောက်တောင်ဘက် မိုင် ၂၇၀ ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင် ၂၈၀ ခန့် ၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၃၀၀ ခန့် ၊ အိန္ဒိယနိုင်ငံ ၊ ကိုလ်ကတ္တားမြို့၏ တောင်ဘက် မိုင် ၂၆၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ဖေါ်ပြထားသည်။

ထို့အပြင် မုန်တိုင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းနိုင်ပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရွာသွန်းမှု ကြောင့် မြေပြိုခြင်း၊ တောင်ကျရေများ ကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်း အန္တရာယ်များကို သတိပြုရှောင်ရှားသင့်ကြောင်းလည်း  သတိပေးထားသည်။

အဆိုပါ မုန်တိုင်းကြောင့် ဖြစ်လာမည့်အန္တရာယ်များအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ဒုတိယ သမ္မတဦးဉာဏ်ထွန်းမှာ ရခိုင်ပြည်နယ် အမ်းမြို့သို့ ရောက်ရှိနေပြီဖြစ်သည်။