အထိန်းသိမ်းခံ လူငယ်များ အမှုမှန်ပေါ်ရေး မွန်ပါတီများ ကူညီမည်

အထိန်းသိမ်းခံ လူငယ်များ အမှုမှန်ပေါ်ရေး မွန်ပါတီများ ကူညီမည်
by -
မဇ္စျိမ

သင်္ကြန် နှစ်ဆန်း တရက်နေ့၌ မွန်ပြည်နယ် ရိုးဂိုး ဘုရားပွဲသို့ အလည် သွားသည့် မွန်လူငယ် တစုနှင့် ဒု-ရဲအုပ်တို့ ရိုက်နှက်မှု ဖြစ်ပွားပြီး လူငယ် ၁၁ ဦး ထိန်းသိမ်းခံရမှုနှင့် ပါတ်သက်၍ အမှုမှန် ပေါ်ပေါက်ရေးအတွက် မွန်နိုင်ငံရေးပါတီများ ဆွေးနွေးနေကြောင်း မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီ ပါတီက ပြောဆိုလိုက်သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်ဒီမိုကရေစီ ပါတီနှင့် မွန်ပြည်သစ် ပါတီတို့အား မွန်လူငယ် ဖိုရမ်မှ အကူအညီတောင်းခံထားခြင်း ဖြစ်သည်။

“ကျနော်တို့ သုံးပါတီ ကနေ ဒီကိစ္စကို ဘယ်လို ဆက်လက် လုပ်ဆောင်သွားကြမယ်ဆိုတဲ့ အပိုင်းကို ညှိနှိုင်းနေကြဆဲပဲ ဖြစ်ပါတယ်။ နောက်တခုက မွန်လူငယ်တွေ တင်ပြထားတဲ့ အချက်အလက်တွေ မှန်ကန်မှု ရှိမရှိ ဆိုတာလည်း ပြန်လည် စီစစ်ရဖို့ ရှိပါတယ်။ အချက်အလက် မှန်ကန်ခဲ့တယ် ဆိုရင်တော့ ဖမ်းထားတဲ့ လူတွေ လွှတ်တန်လွှတ်၊ ညှိနှိုင်းတန် ညှိနှိုင်း၊ ဥပဒေ အရ အရေးယူတန်ယူ လုပ်သွားရမှာပါ” ဟု မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်း က မဇ္စျိမကို ပြောသည်။

၎င်းလူငယ် ၁၁ ဦးမှာ နှစ်ဆန်း တရက်နေ့၌ ရိုးဂိုး ဘုရားပွဲပွဲမှ အပြန် ဖားအောက် ရွာရှိ မဏ္ဍပ် အရောက်၌ မွန်အမျိုးသား အလံအား ကိုင်ကာ အော်ဟစ် ကခုန်ကြစဉ် ၎င်းမဏ္ဍာပ်၌ ရှိနေသည့် မုပွန် ရဲစခန်းမှ ဒု-ရဲအုပ် မြင့်နိုင် က ၎င်းအလံအား လုယူကာ အလံတိုင်ဖြင့် အလံ ကိုင်ဆောင်သူအား စတင် ရိုက်နှက်ခဲ့ရာမှ ရဲနှင့် လူငယ်တို့အကြား ပဋိပက္ခ စတင် ခဲ့ခြင်း ဖြစ်ကြောင်း မွန်လူငယ် ဖိုရမ် က ဆိုသည်။

“တကယ်လို့ ရဲအရာရှိက အလံကို ဆုတ်ဖြဲခဲ့ရိုး မှန်တယ်ဆိုရင်တော့ ဒီကိစ္စဟာ ကြီးမားတဲ့ အကြောင်းအရာ တခု ဖြစ်ဖွယ် ရှိပါတယ်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ထောက်ရှုပြီး ဒီလိုလုပ်ရပ်မျိုး မလုပ်ဆောင် သင့်ပါဘူး။ အမျိုးသားအလံ ဆိုတာက ဘယ်သူမှ ဆုတ်ဖြဲလို့ မရပါဘူး။ တခုခု ဂုဏ်သရေ ညှိးနွမ်းအောင် လုပ်ဆောင်တာမျိုးလည်း လုပ်လို့ မရပါဘူး။ ဒီကိစ္စအပေါ် ရဲရဲ့ တုန့်ပြန် ပြောကြားချက်တွေကိုလည်း ကျနော်တို့ နားထောင်ရဦးမှာပါ” ဟု ဥက္ကဋ္ဌ နိုင်ငွေသိန်း က ဆက်ပြောသည်။

ပြည်နယ် ရဲတပ်ဖွဲ့ကမူ အလံကို စုတ်ဖြဲခြင်း၊ လူငယ်များကို မတရား ဖမ်းဆီးခြင်း မဟုတ်ဘဲ ဗီဒီယို မှတ်တမ်းအရ ဖမ်းဆီးအရေးယူရခြင်း ဖြစ်ကြောင်း ဒု-ပြည်နယ် ရဲတပ်ဖွဲ့မှူး ဝင်းဗိုလ် က မဇ္စျိမကို ဖြေကြားထားသည်။

လက်ရှိတွင် ထိန်းသိမ်းခံရသူ ၁၁ ဦးအနက် အနက် ၆ ဦးမှာ အာမခံဖြင့် ပြန်လွတ်မြောက်လာပြီ ဖြစ်ကြောင်း မွန်လူငယ် ဖိုရမ် တာဝန်ခံ မင်းဉာဏ်စိုက် ရာမာန် က ပြောသည်။

“တယောက်ကို ကျပ်ငွေ သိန်း ၅၀ အာမခံနဲ့ ၆ ယောက် ပြန်လွတ်လာတယ်။ အမှုကနေ ကွင်းလုံးကျွတ် လွတ်သေးတာ မဟုတ်ပါဘူး။ လာမယ့် ဒီလ ၂၀ ရက်နေ့ တရား ရုံးချိန်း ရှိပါတယ်” ဟု မဇ္စျိမကို ပြောသည်။

အာမခံဖြင့် မေလ ၁၀ ရက်နေ့၌ ၅ ဦး လွှတ်ပေးခဲ့ပြီး ၁၃ ရက်နေ့က ၁ ဦး ထပ်မံလွှတ်ပေးခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့အားလုံးမှာ အသက်မပြည့် သေးသည့် ကျောင်းသား လူငယ်များ ဖြစ်သည်ဟု ဆိုသည်။

ထိုလူငယ်များ ခြွင်းချက်မရို လွှတ်ပေးရန်နှင့် လူမျိုး ဂုဏ်သိက္ခာ နှောက်ရှက်မှု အလံ ဆုတ်ဖြဲမှုတို့ကြောင့် ဒု-ရဲအုပ် မြင့်နိုင်အား ထိရောက်သော ပစ်ဒဏ်ဖြင့် တရားဥပေဒအရ အရေးယူ ပေးရန် မွန်လူငယ် ဖိုရမ်မှ တောင်းဆိုထားသည်။

လူငယ် လေးဦးအား ပုဒ်မ ၃၃၂ ဝန်ထမ်း ဝတ္တရား နှောင့်ယှက်မှု၊ ငါးဦးအား ပုဒ်မ (၃၃၃) ဝန်ထမ်း ဝတ္တရား နှောင့်ယှက်မှုနှင့် ပြင်းထန်စွာ နာကျင် စေအောင် ဟန့်တားမှုနှင့် ကျန် နှစ်ဦးအား ပုဒ်မ ၁၉ (က) လက်နက် လုယက်မှု တို့ဖြင့် အသီးသီး တရားစွဲဆိုခြင်း ခံထားကြောင်း သိရှိရသည်။