လက်နက် မကိုင်သည့် နည်းလမ်းဖြင့် ပဋိပက္ခ ဖြေရှင်းရန် MPC နှင့် DKBA ဆွေးနွေး

လက်နက် မကိုင်သည့် နည်းလမ်းဖြင့် ပဋိပက္ခ ဖြေရှင်းရန် MPC နှင့် DKBA ဆွေးနွေး
by -
မဇ္စျိမ

ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် အစိုးရ၏ နယ်ခြားစောင့်တပ် တို့အကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြသည့် အပေါ် လေ့လာဆန်းစစ်နိုင်ရန် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC)မှ တာဝန်ရှိသူ နှစ်ဦးက DKBA ကိုယ်စားလှယ်များ၊ နယ်ခြား စောင့်တပ်မှ ကိုယ်စားလှယ်များနှင့် မေလ ၁၁ ရက်နေ့က မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင် ကျေးရွာ၌ တွေ့ဆုံခဲ့ကြောင်း DKBA တပ်မှ ဗိုလ်မှူး မောင်လေး က ပြောသည်။

ဧပြီလကုန်ပိုင်းက သုံးရက်ကြာ နှစ်ဖက် ပစ်ခတ်မှုများ ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ထပ်မံ မဖြစ်ပွားစေရန် အတွက် လာရောက်ဆွေးနွေးကြခြင်း ဖြစ်သည်။

“ဖြစ်ပျက်နေတဲ့ ပြဿနာကို လက်နက်မကိုင်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ဆွေးနွေးကြတယ်။ ဖြစ်ခဲ့ရတဲ့ အခြေခံ အကြောင်းရင်းကို ဆွေးနွေးတယ်။ ဘယ်လိုအချက်ကြောင့် ပြဿနာ ဖြစ်လာတယ်၊ ဘာကြောင့် ကြီးထွားလာတယ် ဆိုတဲ့ အပိုင်းပေါ့၊ သူတို့က အခြေခံ အကြောင်းရင်းကို စုစည်းပြီးတော့ အပေါ်ကို ပြန်လည် တင်ပြရမယ်” ဟု မဇ္စျိမကို ပြောသည်။

မနက်ပိုင်း ဆွေးနွေးပွဲသို့ MPC မှ ဒေါက်တာ ဇော်ဦးနှင့် ဦးအောင်နိုင်ဦးတို့ တက်ရောက်ခဲ့ပြီး DKBA ဖက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားဖွယ်၊ ဒုစစ် ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေး၊ ကလို့ ထူးဖော စစ်ဗျူဟာမှ ဗိုလ်မှူးချုပ် ကျော်သက်နှင့် ကလို့ ထူးဝါး စစ်ဗျူဟာမှ ဗိုလ်မှူးချုပ် ကျော်ဘိတို့ တက်ရောက် ခဲ့ကြသည်။ ညနေပိုင်း၌ နယ်ခြား စောင့်တပ်နှင့် ဆက်လက် တွေ့ဆုံခဲ့သည်။

“ပြသနာ ကတော့ မပြေလည်နိုင်စရာ အကြောင်းတော့ မရှိပါဘူး။ ဒီလို တွေ့ဆုံဆွေးနွေး နိုင်ခဲ့တာကလည်း အရမ်း ကောင်းသွားတယ်လေ။ နယ်ခြား စောင့်တပ် ဆိုတာလည်း ကရင် တိုင်းရင်းသား တွေပါ။ နိုင်ငံ့အကျိုး ကို ထမ်းဆောင်နေတဲ့ အဖွဲ့တဖွဲ့ပါ။ ကျနော်တို့ အဖွဲ့နဲ့ အလားတူပါပဲ။ သူတို့အပေါ်ကို တင်းတင်းမာမာ သဘောထားတာမျိုး ကျနော်တို့မှာ မရှိပါဘူး၊ ပဋိပက္ခတွေလည်း ရှေ့ဆက် ဖြစ်လာနိုင်မယ့် အလားအလာ
တော့ မရှိတော့ပါဘူး” ဗိုလ်မှူး မောင်လေး က ပြောသည်။

ပဋိပက္ခမှာလည်း ပုဂ္ဂိုလ်ရေးမှ စတင်ခဲ့ခြင်း ဖြစ်၍ အဖွဲ့၏ သဘောထား ပါဝင်သက်ရောက်မှု မရှိဟု ဆိုသည်။

ကနဦး တွေ့ဆုံခဲ့ကြသည့် အဆင့်၌မူ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်ကာ လိုက်နာ အကောင်အထည်
ဖော်ကြမည့် သဘောတူညီ ချက်မျိုး မရှိသေးဘဲ MPC သို့ ပြန်လည်တင်ပြရန်သာဖြစ်သည်ဟု Peace Dialogue ဌာနမှ ဦးအောင်နိုင်ဦး က ဆိုသည်။

“ကျနော်တို့ အနေနဲ့က ဘက်ပေါင်းစုံက ဖြစ်ခဲ့တဲ့ကိစ္စတွေကို သွားနားထောင်တယ်။ ကျနော်တို့ အနေနဲ့က ဘာမှ ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။ ဆုံးဖြတ်လို့လည်း မရပါဘူး။ ပြီးရင် ဒီဟာကို ကျနော်တို့ မြန်မာ ငြိမ်းချမ်းရေး စင်တာက လူကြီးတွေကို အစီရင်ခံစာ တင်ရမယ်။ ဒါကို ဘယ်လို ဆက်သွားမလဲဆိုတာ သူတို့ဖာသာ သူတို့ ဆုံးဖြတ်ပါလိမ့်မယ်” ဟု  မဇ္စျိမကို ပြောသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် ညင်ညင်သာသာ ပျော့ပျော့ပြောင်းပြောင်း ရှိသည့် အရာများ ဖြစ်ကာ မည်သူမှ မည်သို့ပြောဆိုသည်ကို ထုတ်ဖော်ပြောကြားရန် ခက်ခဲပြီး ငြိမ်းချမ်းရေး ကာလ ဖြစ်နေသည့်အတွက် တဖက်နှင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန် ပြောကြားခဲ့ပြီး ဆွေးနွေးချက်များနှင့် သဘောထားများကိုမူ ထုတ်ဖော် ပြောကြားရန် မဖြစ် နိုင်ကြောင်းလည်း ဦးအောင်နိုင်ဦးမှ ဆိုသည်။

DKBA တပ်များနှင့် အစိုးရ နယ်ခြား စောင့်တပ် (BGF) တို့မှာ လက်ရှိတွင် တင်းမာသည့် အနေအထား မရှိဟု ဆိုနိုင်သော်လည်း နှစ်ဖက်စလုံး စစ်ရေး သတိအနေအထား ရှိနေကြဆဲ ဖြစ်သည်။

DKBA နှင့် BGF တို့သည် ၁၉၉၄ ခုနှစ်က တည်းက တဖွဲ့တည်း ရှိခဲ့ရာမှ ၂၀၁၀ ခုနှစ်တွင် ဗိုလ်ချုပ်စောလားဖွယ် ဦးဆောင်သော DKBA နှင့် အစိုးရတပ် လက်အောက်ခံ နယ်ခြားစောင့်တပ် အဖြစ် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

Most read this week