ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် နိုင်ငံရေး ပါတီစုံမှ အမျိုးသမီး ကိုယ်စားလှယ်များ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ လေ့လာရေး ခရီးစဉ်အဖြစ် ယနေ့ မေလ ၁၂ ရက်နေ့က ထွက်ခွာသွားသည်ဟု သိရသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးဆိုင်ရာ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် နိုင်ငံရေးပါတီစုံမှ အမျိုးသမီးခေါင်းဆောင်များ အိန္ဒိယနိုင်ငံသို့ ၆ ရက်ကြာ လေ့လာရေးခရီးစဉ် စတင်ရန် ရန်ကုန်နိုင်ငံတကာ လေဆိပ်တွင် ၂၀၁၃ ခုနှစ် မေလ ၁၂ ရက်နေ့ ကတွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)
မေလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၆ ရက်ကြာမည့် ဤလေ့လာရေးခရီးစဉ်ကို နယ်သာလန်နိုင်ငံ အခြေစိုက် Burma Centrum Nederland (BCN) အဖွဲ့နှင့် ရန်ကုန်အခြေစိုက် ဖန်တီးအိမ် အဖွဲ့တို့မှ ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ပြီး အိမ်ရှင်အဖြစ် နယူးဒေလီအခြေစိုက် Centre for Social Research (CSR) နှင့် Burma Centre Delhi (BCD) တို့က ကူညီစီစဉ်ဆောင်ရွက်ပေးကြောင်း သိရသည်။
ဤခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ ပါလီမန်စနစ်၊ အိန္ဒိယနိုင်ငံ၏ ဥပဒေပြုရေးဆိုင်ရာ မူဘောင်စနစ်၊ အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ခြင်းနှင့် အမျိုးသမီး စွမ်းရည်မြင့်တင်ခြင်း အစီအစဉ်၊ ဒီမိုကရေစီနှင့် မီဒီယာ၏ အခန်းကဏ္ဍ၊
အိန္ဒိယ မြန်မာဆက်ဆံရေး စသောခေါင်းစဉ်များဖြင့် လေ့လာသွားမည်ဖြစ်ပြီး ဒေသဆိုင်ရာ အိန္ဒိယလွှတ်တော် အမတ်များနှင့် တွေ့ဆုံခြင်း၊ အိန္ဒိယအမျိုးသမီး ကော်မရှင်နှင့် တွေ့ဆုံခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် အိမ်နီးခြင်းဖြစ်ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံမှာ
မြန်မာနိုင်ငံနှင့် ဆင်တူသော အာရှဒေသဖြစ်ခြင်း၊ တိုင်းရင်းသားမျိုးစုံနေထိုင်ခြင်း၊ ပြည်ထောင်စုလွှတ်တော် နှင့် ပြည်နယ်လွှတ်တော်များရှိခြင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ရှိနေခြင်း တို့ကြောင့် ဤသို့ လေ့လာရေး ခရီးကိုစီစဉ်ခြင်းဖြစ်ကြောင်း ယခင်က အိန္ဒိယလွှတ်တော်လေ့လာရေး ခရီးစဉ်များတွင် အမျိုးသမီးများ ပါဝင်ခဲ့ခြင်းမရှိသောကြောင့် ယခုကဲ့သို့ အမျိုးသမီးသီးသန့် လေ့လာရေးခရီးစဉ်ကို စီစဉ်ခြင်းဖြစ်ကြောင်း ဖန်တီးအိမ်အဖွဲ့မှ ဒါရိုက်တာ ဒေါ်ရွှေရွှေစိန်လတ် က ပြောသည်။
ကိုယ်စားလှယ်အဖွဲ့တွင် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းငွေငွေ ( ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်မာ (ဒီမိုကရက်တစ် ပါတီမြန်မာ)၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်ခင်စီ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတတ်ရေးပါတီ)၊ ဒေါ်ရီရီစန်း (ခေတ်သစ်ပြည်သူ့ပါတီ)၊ နော်ဆာထူး (ကရင်ပြည်သူ့ ပါတီ)၊ ဒေါ်တင်တင်ထွေး (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)၊ ဒေါ်မြင့်မြင့်ဝေ (မွန်ဒေသလုံးဆိုင်ရာ ဒီမိုက်ရက်တစ်ပါတီ)၊ မနီနီမေမြင့်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) တို့ အပြင် ဖန်တီးအိမ်အဖွဲ့မှ ဒေါ်ရွှေရွှေစိန်လတ်နှင့် မကေဇာကျော် တို့ ပါဝင်ကြောင်း သိရသည်။