ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်နှင့် အဖွဲ့ဝင် မဟုတ်သည့် တိုင်းရင်းသားအဖွဲ့များ၏ ဒေသများအား အကူအညီများ ပေးရန် သဘောတူထားသည့် အပေါ် နိပွန်ဖောင်ဒေးရှင်းမှတဆင့် ဂျပန်အစိုးရထံသို့ စီမံချက် အဆိုပြုလွှာ (Project Proposal)များ ရေးသား တင်ပြနိုင်ရန် ညှိနှိုင်းအစည်းအဝေး တရပ်ကို မေလ ၉ ရက်နေ့တွင် ကျင်းပခဲ့ကြသည်။
ထိုသို့ ဂျပန်အစိုးရထံမှ ပင်လယ်ရပ်ခြား ဖွံ့ဖြိုးရေး အကူအညီ (ODA) ရရှိရန် အချို့ အဖွဲ့အစည်းများမှာ အဆိုပြုလွှာများ ရေးသားပြီးစီးကြပြီဖြစ်သော်လည်း ဂျပန် အစိုးရ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် ပြန်လည်ပြင်ဆင် ရေးဆွဲလျက်ရှိကြကြောင်း ထိုင်းနိုင်ငံ၊ ချင်းမိုင် မြို့၌ ပြုလုပ်ခဲ့သော ၎င်းအစည်းအဝေး တက်ရောက်ခဲ့သည့် မွန် လူမှုကယ်ဆယ်ရေးနှင့် ဖွံဖြိုးရေးအဖွဲ့၏ ဒါရိုက်တာ တဦးဖြစ်သူ နိုင်ရော့ဒ်ဂကောင်း က ပြောသည်။
“အချို့ Project Proposal တွေက ရေးပြီး နေကြပီ။ ဒါပေမယ့် အဲဒီ ပုံစံတွေက သူတို့ (ဂျပန်အစိုးရ) ဘက်က လိုချင်တဲ့ စည်းမျဉ်း ဘောင်တွေ၊ အချက်အလက်တွေနဲ့ ကိုက်ညီမှုမရှိ ဖြစ်နေတယ်။ အဲဒါကို ပြန်ပြင်ရဖို့ ရှိတယ်” ဟု ပြောသည်။
စစ်ဘေးဒဏ်သင့် တိုင်းရင်းသားဒေသများအတွက် နိပွန်ဖောင်ဒေးရှင်းမှ အကူအညီများကို ဒေသခံ အဖွဲ့များမှနေ၍ အဆင့်ဆင့် တင်ပြရပုံကိုလည်း “နောက် တင်တဲ့အခါမှာလည်း သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ အောက်ခြေအဖွဲ့တွေဆီကနေ နိပွန် ဖောင်ဒေးရှင်းကို တိုက်ရိုက်တင်တာ မဟုတ်ဘဲ၊ တိုင်းရင်းသား အဖွဲ့တွေဆီက တဆင့်မှ UNFC ဆီကို တင်မယ်။ နောက်မှ နိပွန်ဆီကို တင်မယ်။ အဲဒီနောက် နိပွန်က ဂျပန် သံရုံးကို တင်ပြရမယ်။ သံရုံးက နိုင်ငံခြားရေး ဝန်ကြီး ဌာနဆီကို တင်မယ်။ အဲဒီ နောက်မှ အကူအညီကို ဂျပန်အစိုးရက ပေးမယ်” ဟု နိုင်ရော့ဒ်ဂကောင်း က မဇ္စျိမကို ရှင်းပြသည်။
ထူးခြားချက်မှာ ယခု ထပ်မံပေးအပ်ရန် ရှိသည့် ODA အကူအညီများထဲ၌ ပထမ အသုတ် နိပွန် ဖောင်ဒေးရှင်း မှတဆင့် ပေးခဲ့သည့် လူသားချင်း စာနာမှု အကူအညီများအပြင် ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အကူအညီ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အကူအညီ အစီအစဉ်များလည်း ပါဝင်သည်။ စီမံချက် တခုအား အမေရိကန်ဒေါ်လာ ၁ သိန်းအထိ တင်ပြ ရေးဆွဲနိုင်ကြောင်း သိရသည်။
ဂျပန် ဝန်ကြီး ချုပ်ဟောင်း နိုတိုခန် (Naoto Kan) လက်ထက်၌ မြန်မာ တိုင်းရင်းသား စစ်ဒဏ်သင့် ဒေသများ သို့ လူသားချင်း စာနာမှု အကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၃ သန်းတန် ရရှိခဲ့ပြီးဖြစ်ကာ စားနပ်ရိက္ခာ၊ ဆေးဝါးအကူအညီ အဖြစ် ပေးအပ်ခဲ့ပြီး မတ်လ ၃၁ ရက်နေ့၌ ထိုအကူအညီ သက်တမ်း ကုန်ဆုံးခဲ့ပြီး ဖြစ်သည်။
ယခု ထပ်မံ ရရှိမည့် ODA အကူအညီများ၏ ငွေကြေး ပမာဏမှာ များပြားမည်ဟု ခန့်မှန်းနိုင်မည် ဖြစ်ပြီး ပမာဏအတိအကျကိုမူ မေလကုန် နောက် ဆုံး ထား၍ UNFC အဖွဲ့ထံသို့ တိုင်းရင်းသား အဖွဲ့အသီးသီးမှ တင်ပြလာမည့် စီမံချက် အဆိုပြုလွှာများ ရရှိမှသာ အတည်ပြု ပြောကြားနိုင်မည် ဖြစ် သည်ဟုနိုင်ရော့ဒ်ဂကောင်း ကပြောသည်။ UNFC မှ နိပွန် ဖောင်ဒေးရှင်းထံသို့ ဇွန်လ ပထမပတ် အမီ တင်ပြနိုင်ရန် ရည်ရွယ်ထားသည်။
ထို စီမံချက် အဆိုပြုလွှာများ ကိုင်တွယ်စီစစ်နိုင်ရန် ရေးရာကော်မတီတရပ်ကိုလည်း UNFC မှ ဖွဲ့စည်းသွား မည်ဖြစ်သည်။
အကူအညီများ ခွဲဝေပေးအပ်မည့် အပိုင်းတွင် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ (MPC) အား ဖြတ်သန်းသွားရသည့် လုပ်စဉ်ကို တိုင်းရင်းသားများမှ လက်မခံနိုင်သည့် အနေအထား ရှိကြောင်း အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြ သည်ဟု နိုင်ရော့ဒ်ဂကောင်း က ဆက်ပြောသည်။
“MPC နဲ့ ညှိနှိုင်းရတာကို ကျနော်တို့ လက်ခံပါတယ်။ ပြည်နယ်အစိုးရတွေနဲ့ ညှိနှိုင်းရမှာကိုလည်း လက်ခံပါ တယ်။ ဒါပေမယ့် သူ့ဆီကနေ တဆင့် ဖြတ်သန်းပြီးမှ ကျနော်တို့ဆီကို ရောက်ရမှာကိုတော့ လက်မခံနိုင်ပါဘူး။ ကျနော်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေ အားလုံး တရားဝင် သွားလာခွင့် ရအောင် ဥပေဒအရ အာမခံချက်က မရှိသေးဘူး။ ဒီကိစ္စကိုလည်း ဆက်လက် ညှိနှိုင်းသွားရဖို့ ရှိပါသေးတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ပထမ အရစ်အဖြစ် နိပွန်ဖောင်ဒေးရှင်း၏ ဒေါ်လာ ၃ သန်းတန် လူသားချင်း စာနာမှု အကူအညီများ ရရှိခဲ့စဉ် တိုင်းရင်းသား ဒေသများသို့ ဖြန့်ဝေ ပေးအပ်ခဲ့ရာ၌လည်း ငြိမ်းချမ်းရေး စင်တာနှင့် ပြည်နယ် အစိုးရတို့အကြား ချိတ်ဆက် လုပ်ဆောင်မှု အားနည်း ခဲ့ခြင်းကြောင့် ချင်းပြည်နယ် အနောက်ပိုင်းဒေသများနှင့် ရခိုင်ပြည်နယ် ဒေသများသို့ အကူအညီများ ရောက်ရှိရန် နှောင့်နှေးခဲ့ကြောင်း အမည်မဖော်လို သည့် တိုင်းရင်းသား ခေါင်းဆောင် တဦးက ပြောသည်။
၎င်းကိစ္စအား လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်းနှင့် ဒေသ လုံခြံုမှု မရှိသည့် အနေအထား များကြောင့် ကြန့်ကြာရခြင်း ဖြစ်သည်ဟု အစိုးရဘက်မှ အကြောင်းပြချက် ပေးထားကြောင်း သိရသည်။
ယခု ညှိနှိုင်းအစည်းအဝေးသို့ UNFC အဖွဲ့ဝင် အားလုံးမှ ကိုယ်စားလှယ်များနှင့် အဖွဲ့ဝင် မဟုတ်သည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA မှ ကိုယ်စားလှယ်များ အပါအဝင် ၂၀)ဦးခန့် တက်ရောက်ခဲ့ကြ သည်ဟု UNFC ပြန်ကြားရေးဌာနမှတဆင့် သိရသည်။
မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ရ ရက်နေ့အထိ UNFC နှင့် အခြား တိုင်းရင်းသားအဖွဲ့များမှ ကိုယ်စားလှယ် ၂၃ ဦးတို့ တိုကျိုမြို့သို့ သွားရောက်ကာ ဂျပန် ဝန်ကြီးချုပ် အပါအဝင် ဂျပန် အစိုးရ အဆင့်မြင့် အရာရှိများနှင့်တွေ့ဆုံခဲ့စဉ်ကလည်း ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများအား တွေ့ဆုံဆွေးနွေး၍ ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ လူနေမှုဘဝ မြင့်မားရေး ကဏ္ဍများတွင် ဆက်လက်ကူညီသွားရန် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ကတိပြုပြောကြားခဲ့ပြီး ဖြစ်သည်။
UNFC အဖွဲ့အား ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အတွက် အစိုးရ အဆက်ဆက်အား လက်နက်ကိုင် တိုက်ပွဲဆင်နေသည့် တိုင်းရင်းသား အဖွဲ့ ၆ ဖွဲ့၊ မဟာမိတ် ၆ ဖွဲ့တို့ဖြင့် ၂ဝ၁၁ ခုနှစ်၊ ဖေဖေါ်ဝါရီလက စတင် ဖွဲ့စည်းခဲ့ကာ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကချင် လွတ်လပ်ရေး အဖွဲ ့(KIO)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ပအို့ အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ရခိုင်ပြည် အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ဝအမျိုးသား အဖွဲ့ချုပ် (WNO)နှင့် ကချင် အမျိုးသား အစည်းအရုံး (KNO)တို့ အဖွဲ့ဝင် အဖြစ် ပါဝင်ကြသည်။