စျေးကွက်အတွင်းရှိ ဆေးဝါးအချို့ သတိပြု သုံးစွဲရန် ဝါရင့်ဆေးပညာရှင်များ အကြံပြု

စျေးကွက်အတွင်းရှိ ဆေးဝါးအချို့ သတိပြု သုံးစွဲရန် ဝါရင့်ဆေးပညာရှင်များ အကြံပြု
by -
မဇ္စျိမ

နိုင်ငံရပ်ခြား ဆေးကုမ္ပဏီတချို့မှ တင်သွင်းလာသည့် ဆေးဝါးများနှင့် ပါတ်သတ်ပြီး အစားအစာနှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့ FDA ၏ ထောက်ခံချက်် မပါရှိပါက သောက်သုံးရန် မသင့်ကြောင်း ဝါရင့် ဆေးပညာရှင် များထံမှ သိရှိရသည်။

အငြိမ်းစား တပ်မတော် ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြသိန်းဟန် က “လူတွေ သိသင့် တာက ဒီဆေးတွေက ဘာအာနိသင်ရှိလဲ၊ ဒီဆေးတွေက လူကိုဘယ်လိိုု ဒုက္ခ ပေးနိုင်လဲ။ တုံ့ပြန်မှုက ဘာတွေရှိလဲ။ ဒီဆေးတွေ အချင်းချင်းက တုံ့ပြန်မှုတွေ ဘယ်လိုရှိသလဲ။ မသိဘဲနဲ့ အရမ်း ကောင်းတယ်ဆိုပြီး မသောက်သင့် ပါဘူး။ ဒီတော့ အစားအစာနဲ့ဆေးဝါးကွပ်ကဲရေး FDA ကထောက်ခံချက်ပါမှ စိတ်ချရတယ်” ဟု အကြံပေးပြောဆိုသည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေး ၀န်ကြီးဌာနတွင် မှတ်ပုံတင်ထားခြင်း မရှိသလို အရည်အသွေး အာမခံ ချက် မရှိကြောင်း တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံထုတ် ဆေးဝါး ၆ မျိုးကို ဧပြီ ၂၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာ တွင် ဖော်ပြထားသည်။

ဆေးဝါးများသည် ထိုင်း၊ တရုတ် ဆေးကုမ္ပဏီများသာမက  မြန်မာနိုင်ငံသို့ အခြားနိုင်ငံများမှလည်းဆေးဝါး များ ဝင်ရောက်လာနေကြောင်း သိရသည်။

အချို့ဆေးဝါးများသည် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်ပြီး ဆေးကုမ္ပဏီများက ဆေးဝါးတင် သွင်းရာတွင် ပြည်သူလူထု အန္တရာယ်ကင်းရှင်းစေရေးအတွက် ဆေး အာနိသင် အမှန်တကယ်ပါ၀င်မှု ရှိ၊ မရှိ FDA ၏ စစ်ဆေးမှုကို ခံယူရမည်ဖြစ်ပြီး စစ်ဆေး မှုခံယူနေချိန်အတွင်း ပြင်ပတွင် မရောင်းချသင့်ကြောင်း ၎င်း က ဆက်လက် အကြံပြု ပြောဆိုသည်။

ပြည်သူလူထု အန္တရာယ် ကင်းရှင်းရေးအတွက် နိုင်ငံခြား တိုင်ပြည်အချို့တွင် စျေးကွက်အတွင်း ရောက်ရှိနေ သည့် ဆေးဝါးများအား စနစ်တကျ စစ်ဆေးလေ့ရှိကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံတွင် ဆေးဝါးတင်သွင်း ခြင်းနှင့် ပါတ်သက်ပြီး စည်းမျဉ်းစည်းကမ်းများရှိသော်လည်း လိုက်နာမှု အားနည်းနေပြီး စစ်ဆေးနိုင်သည့် အပိုင်း တွင်လည်း အားနည်းချက်များ ရှိသည်ဟု ဒေါက်တာမြသိန်းဟန် မှ နှိုင်းယှဉ်ထောက်ပြခဲ့သည်။