ဦးနေမျိုးဇင် အား ထောင်ဒဏ် ၆ နှစ် ပြန်လည် ချမှတ်လိုက်ခြင်းမှာ နိုင်ငံရေး အကျဉ်းသားဟောင်းများအား ခြိမ်းခြောက်မှု ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောင်ရေးအသင်း (AAPP)က ယနေ့ ပြောဆိုလိုက်သည်။
“သူက လယ်သမားတွေအတွက် ထဲထဲဝင်ဝင် လုပ်တယ်။ လူမှုရေးတွင် ပါဝင်နေတယ်။ အဲဒီလိုကိစ္စမျိုး တွေနိုင်ငံရေးကိစ္စမျိုးတွေမှာ ပါဝင်နေတယ်ဆိုရင် သူတို့နဲ့ အခန့်မသင့်တဲ့ အခြေအနေမျိုး ကျရင် အချိန်မရွေးပြန်ဖမ်းမယ်ဆိုတဲ့ ကိစ္စကို အသိပေးလိုက်တာပဲ။ ဒါက ပြင်းထန်စွာ အသိပေးလိုက်တာပဲ” ဟု AAPP အတွင်းရေးမှူး ကိုတိတ်နိုင် က မဇ္စျိမကို ပြောသည်။
ထို့ပြင် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာပြီးဖြစ်သည့် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးအား ဤသို့ပြုမူလိုက်ခြင်းမှာ သမ္မတ ဦးသိန်းစိန်အစိုးရ၏ နောက်ကြောင်းပြန် လှည့်သည့် လုပ်ဟန်ဖြစ်ကြောင်း “ဒီကနေ လက်ရှိ သမ္မတ ဦးသိန်းစိန်ကနေ ပုဒ်မ ၄၀၁ ကို ပြန်လည် အသက်သွင်းပြီးတော့ ပြန်ပြီး ဖမ်းဆီးနေတဲ့ ကိစ္စက နောက်ကြောင်းပြန် ဥပဒေတွေကို သက်ရောက်စေတဲ့ ကိစ္စ။ အဲဒီလို လုပ်ဆောင်နေတဲ့အပေါ်မှာကျနော်တို့က နောက်ကြောင်း ပြန်ဆုတ်နေပြီလား ဆိုပြီး သံသယ ရှိပါတယ်” ဟု ကိုတိတ်နိုင် က ဝေဖန်သည်။
လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည် ရင်ကြေားစေရေး လုပ်ငန်းစဉ်များအား ကြီးများသော ဟန့်တားမှုတခု ဖြစ်သည့်အပြင် ယခုလုပ်ရပ်အပေါ် AAPP ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချလိုက်သည်။
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ် လယ်သမားများနှင့် တွေ့ဆုံပွဲတခုတွင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ရဲတပ်ဖွဲ့များ လဘ်စားသည် ဆိုသည့်စကား ပြောဆိုသည်ဟု ဆိုကာ ဒေါင့်ကြီးကျေးရွာ ရဲစခန်းမှူး ဦးထွန်းထွန်း က အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုချက်ကို ခရိုင်တရားရုံးမှ မေလ ၃ ရက်နေ့ကထောင်ဒဏ် ၃ လနှင့် ငွေဒဏ် ၂ သောင်း ပေးဆောင်ရန် အမိန့် ချမှတ်လိုက်သည်။
နေမျိုးဇင်က ငွေဒဏ် ပေးဆောင်ဘဲ ငြင်းဆိုခဲ့သည့်အတွက် မအူပင်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။ ထိုဒဏ်ငွေများကို တောင်သူ ၁၀၀ ကျော်မှ မေလ ရ ရက်နေ့ က ပေးဆောင်ခဲ့သည်။ သို့သော်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်အရ မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်း က မအူပင် အကျဉ်းထောင် တွင်း လာရောက်၍ ယခင် ပြစ်ဒဏ်ဟောင်းထဲမှ ထောင်ဒဏ် ၆ နှစ် ချခံရန် အမိန့်ချမှတ်ခဲ့သည်ဟု သိရသည်။
ကိုနေမျိုးဇင်သည် ၂၀၁၁ ခုနှစ်သြဂုတ်လက ဖမ်းဆီးခံရပြီး အီလက်ထရောနစ် ပုဒ်မ ၃၃ (က)ဖြင့်ထောင်ဒဏ် ၁၀ နှစ် ထောင်ဒဏ်ချမှတ်ခံရကာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) ဖြင့် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။
ထိုပုဒ်မအရ နောင်တဖန် ပြစ်ဒဏ်တစုံတရာ ကျပါက ယခင် လက်ကျန် ပြစ်ဒဏ်များကိုပါ တပါတည်း ကျခံရမည်ဖြစ်သည်။
AAPP ကမူ ယခု ဦးနေမျိုးဇင်အား ထပ်မံ ထောင်ချလိုက်ခြင်းသည် ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသာ နိုင်ငံရေးအကျဉ်းသားများကို ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်ပြီး ၎င်းတို့အားနိုင်ငံရေး၊ လူမှုရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ခြင်း မရှိစေရန် ပြင်းထန်စွာ သတိပေးလိုက်ခြင်းဖြစ်သည်ဟု မှတ်ချက်ချထားသည်။
၎င်း ပုဒ်မ ၄၀၁ ဥပဒေနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးတိုင်ပင်ခြင်း၊ အကြံပြုခြင်း များနှင့် တောင်းဆိုမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ကိုတိတ်နိုင်က ပြောသည်။
ယခုကဲ့သို့ အစိုးရ၏ လုပ်ဆောင်ချက်အား ပြင်းထန်စွာ ရှုံ့ချကာ တိုင်းပြည်ဖွံ့ဖြိုးရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဗိုလ်ကြီးဟောင်း နေမျိုးဇင်အား ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် AAPP က တောင်းဆိုလိုက်သည်။
လက်ရှိ မြန်မာနိုင်ငံ ထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၀၀ ကျော် ကျန်ရှိနေသေးကာ အယောက် ရ၀ ကျော်မှာ အမှုရင်ဆိုင်နေရသည်ဟု AAPP က ဆိုသည်။