ဖမ်းထားသည့် လူငယ်များ ပြန်လွှတ်ပေးရန် မွန်လူငယ်ဖိုရမ် တောင်းဆို

ဖမ်းထားသည့် လူငယ်များ ပြန်လွှတ်ပေးရန် မွန်လူငယ်ဖိုရမ် တောင်းဆို
by -
မဇ္စျိမ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာတွင် သင်္ကြန်ကာလက ဖြစ်ပွားခဲ့သည့် မွန်လူငယ်များနှင့် ရဲဝန်ထမ်း ရိုက်နှက်မှုကြောင့် ဖမ်းဆီးထားသည့် လူငယ်များကို ခြွင်းချက်မရှိပြန်လွှတ်ပေးရန် မွန်လူငယ်ဖိုရမ်က တောင်းဆိုလိုက်သည်။

ပြဿနာ ဖြစ်ရခြင်းအကြောင်းမှန်ကို ဖော်ထုတ်ခြင်းမရှိဘဲ လူငယ်များကို မတရား ပုဒ်မ တပ်ကာ ဖမ်းဆီးထားကာ ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်နေသည်ဟု မွန်လူငယ်ဖိုရမ် တာဝန်ခံ မင်းဉာဏ်သိုက်ရာမာန် ကပြောသည်။

“စွပ်စွဲထားတာ သတင်းတွေ ထုတ်ထားတွေတာက အမှန်တွေ မဟုတ်ဘူး။ အစိုးရဝန်ထမ်းကို ကိုယ်ထိ လက်ရောက် စော်ကားတယ်ဆိုပြီး စွပ်စွဲထားတာ အမှန်ကို မထုတ်ဖော်ဘူး။ ပြဿနာ စတာက ရဲက အလံကို ဆုတ်တာက စတာ။ ဒါကို မပြောဘဲနဲ့ လူငယ်တွေ ရဲကို ဝင်ရိုက်တယ်ဆိုပြီး ပြောတယ်။ စစ်ဆေးတဲ့ အခါမှာလည်း ညှင်းပန်းနှိပ်စက်မှုတွေ ရှိတယ်” ဟု မဇ္စျိမကို က ပြောသည်။

ဖမ်းဆီးခံထားရသည့် လူငယ် ၁၁ ယောက်ထဲတွင် အသက်ပြည့်သူ ၃ ဦးသာ ပါဝင်ပြီး အများစုမှာ အသက် ၁၅ နှစ်နှင့် ၁၇ ကြား ကျောင်းနေရွယ် လူငယ်များ ဖြစ်သည်ဟုလည်း သူက ပြောသည်။

လူမျိုး ဂုဏ်သိက္ခာကျဆင်းစေသည့်အပြင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်သည့် အပြော အဆို အပြုအမူများနှင့် အလံသိမ်းဆည်းဆုတ်ဖြဲမှု ပြုလုပ်သူ၊ ပဋိပက္ခဖန်တီးသူ ရဲအုပ်မြင့်နိုင် ကိုလည်း တရားဥပဒေအရ ထိရောက်သည့် အပြစ်ဒဏ်ဖြင့် အရေးယူပေးရန်လည်း မွန်လူငယ်ဖိုရမ်က ကြေညာချက် ထုတ်ပြီး တောင်းဆိုထားသည်။

သို့သော် အလံကို စုတ်ဖြဲခြင်း၊ လူငယ်များကို မတရား ဖမ်းဆီးခြင်း မဟုတ်ဘဲ ဗီဒီယိုမှတ်တမ်းအရ ဖမ်းဆီး အရေးယူရခြင်းဖြစ်ကြောင်း ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး ဝင်းဗိုလ် က ပြောသည်။

“လောလောဆယ် ဗီဒီယိုမှတ်တမ်းအရ ပါတဲ့လူတွေကို စစ်ဆေးတယ်။ မပါတဲ့ လူတွေကို ပြန်လွှတ်ပေးတယ်။ ပါတဲ့လူကိုတော့ သက်ဆိုင်ရာကနေ ဥပဒေအရ အရေးယူဆောင်ရွက်မှာပေါ့။ အလံဆုတ်ဖြဲတာ၊ ရဲက စရိုက်တယ်ဆိုတာက မဟုတ်ပါဘူး။ ကျနော်တို့မှာ မှတ်တမ်းတွေ ရှိပါတယ်” ဟု ပြောသည်။

ထိုလူငယ်များကို လက်နက်လုယက်မှုနှင့် တာဝန်ယူနေသည့် ရဲတပ်ဖွဲ့ကို လုပ်ငန်း အနှောင့်အယှက်ပေးပြီး ပြင်းထန်စွာ နာကျင်စေအောင် ဟန့်တားစေမှုနှင့် အရေးယူထားသည် ဟုလည်း သူက ပြောသည်။

သင်္ကြန် ရေကစားရန်အတွက် မွန်အမျိုးသားအလံကို ကိုင်ဆောင်လာသည့် လူငယ်တစုကို လုံခြံုရေးယူပေး နေတဲ့ ရဲဝန်ထမ်းက အလံကိုင်ဆောင်ပြီး မသွားရန် တားမြစ်ကာ အလံကို ဆုတ်ဖြဲရာမှ လူငယ်များ မကျေနပ်ဖြစ်ရာ ရဲဝန်ထမ်းနှင့် ထိုးကြိတ်ခဲ့ကြသည်ဟုလည်း ဒေသခံတဦးက ပြောသည်။

Most read this week