ခွင့်ပြုချက်မဲ့ ဆန္ဒပြ၍ အရေးယူထားသော မဒေးကျွန်းသားများကို ရုံးတင်

ခွင့်ပြုချက်မဲ့ ဆန္ဒပြ၍ အရေးယူထားသော မဒေးကျွန်းသားများကို ရုံးတင်
by -
မဇ္စျိမ

CNPC အား ခွင့်ပြုချက်မဲ့ ဆန္ဒပြမှုဖြင့် မဒေးကျွန်းရဲစခန်းမှ ဧပြီ၁၈ရက်နေ့က အရေးယူထားခဲ့သူ ၁၀ ဦးအား မေလ ၆ ရက်နေ့တွင် ကျောက်ဖြူမြို့နယ် တရားရုံး၌ ရုံးတင် တရားစွဲလိုက်ပြီဖြစ်ကြောင်း မဒေးကျွန်းဒေသဖွံ့ ဖြိုး ရေးကော်မတီ တာဝန်ရှိသူ များက ဆိုသည်။

ဒေသဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းကြည်က “အားလုံးကို အာမခံပေးပြီး ပြန်လွှတ် လိုက်ပါတယ်။ နောက်တကြိမ် ရုံးချိန်းကိုတော့ မေလ၁၆ရက်နေ့မှာ စစ်ဆေးမှာ ဖြစ်ပါတယ်။ အမှုရဲ့ တရားလိုကတော့ ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကျော်ဌေး ဖြစ်ပါတယ်” ဟု မဇ္စျိမကို ပြောသည်။

တရားစွဲခံရသူ၁၀ဦးမှာ ကျောက်တန်းရွာမှ ကိုမျိုးနိုင်၊ ကိုမောင်မောင်မြင့်၊ ကိုယဉ်လှ၊ ပြိန်ရွာမှ ကိုဆန်းအေး၊ ကိုမောင်မောင်စိုး၊ ရွာမရွာမှဦးထွန်းကြည်၊ ကိုအောင်သိန်းထွန်း၊ ကိုမောင်ဖြူသီး၊ ဦးထွန်းခိုင်နုနှင့် ပန်းထိမ်ဆည်ရွာမှ ကိုတင်ဦးကျော်တို့ ဖြစ်ကြသည်။

 ယနေ့ ရုံးတင်ရာသို့ ရာနှင့်ချီသော မဒေးကျွန်းသား တို့စက်လှေဖြင့် လာရောက်ခဲ့ကြကြောင်း ဦးထွန်းကြည်က ဆိုသည်။

 ဥပဒေနှင့် တရားမျှတမှုပိုင်း ဆိုင်ရာ အနေအထားနှင့် ပတ်သက်၍ “မည်သူမဆို ခွင့်ပြုချက်မဲ့ ဆန္ဒဖော်ထုတ် ရင်တော့ ဒီဥပဒေနဲ့ အကြံုးဝင်ပါတယ်။ တရားမျှတမှုပိုင်း မှာတော့ ဥပဒေကို ကိုင်တွယ်သူအပေါ်မှာ မူတည်ပါမယ်” ဟု ကျောက်ဖြူမြို့မှ ရှေ့နေ ဦးထိန်လင်းက သုံးသပ်သည်။

 မဒေးကျွန်းသားများကို ဥပဒေကြောင်းအရ အရေးယူ လိုက်ခြင်းမှာ လက်ရှိရင်ဆိုင် နေရသော တင်းမာမှု၏ အဖြေတရပ် ဟု သူ့အနေနှင့်မယုံကြည်ကြောင်း ကျောက်ဖြူလူမှုကွန်ယက်မှ ဦးထွန်းလွင်ကမှတ်ချက်ပြုသည်။

၎င်းက “ဒေသခံတွေ အမှန်တကယ် ရသင့်ရထိုက်တာကို မျက်ကွယ်ပြုရာကနေ ပေါ်ထွက်လာတဲ့ဆန္ဒပြပွဲဖြစ် တယ်။ ဥပဒေကို လေးစားလိုက်နာလို့ပဲ မဒေးကျွန်းသားတွေက ဥပဒေနဲ့အညီ တရားဝင်လုပ်ခွင့် တင်ခဲ့ တယ်။ ဒါပေမယ့် ခိုင်မာတဲ့ အကြောင်းပြချက် တစုံတရာမရှိဘဲ ငြင်းပယ်ခဲ့တယ်။ ပြီးတော့ဥပဒေမဲ့ လုပ်တယ်ဆိုပြီး အရေးယူပြန်တယ် ” ဟုဆိုသည်။

ဧပြီလ ၁၈ရက်နေ့က ဒေသဖွ့ံဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရေး အပါအဝင် တောင်းဆိုချက်များ ရရှိရေး မဒေးကျွန်းသားတို့က CNPC အား ဆန္ဒပြခဲ့ရာ လူ ၈၀၀ ပါ၀င်ခဲ့ပြီး ၁၀ ဦးကို ဧပြီလ ၁၉ ရက်နေ့မှစ၍ မဒေးကျွန်းရဲစခန်းက ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ(၁၈)အရ အမှုဖွင့် အရေးယူထား ခဲ့ခြင်းဖြစ်သည်။

Most read this week