အင်းလေးကန် ရေရှည်တည်တံ့ရန်နှင့် အင်းသားပညာရေး ဖောင်ဒေးရှင်း ဖွဲ့စည်းမည်

အင်းလေးကန် ရေရှည်တည်တံ့ရန်နှင့် အင်းသားပညာရေး ဖောင်ဒေးရှင်း ဖွဲ့စည်းမည်
by -
မဇ္စျိမ

ရှမ်းပြည်နယ်၏ သဘာဝအလှတခုဖြစ်ပြီး မြန်မာ့ ခရီးသွားလုပ်ငန်း ဖြစ်ထွန်းရာနေရာတခုဖြစ် သည့်  ရေရှည်တည်တံ့စေရန်နှင့် အင်းသား ပညာရေး ဖောင်ဒေရှင်း ဖွဲ့စည်းရန်အတွက် ဆွေးနွေးပွဲတရပ်ကို တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ရှိ နဂါးပွက် ကျောင်းတိုက် တွင် မေလ ၅ ရက်နေ့က ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲသို့ အင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဝင်းမြင့်၊ အင်းစာပေနှင့်ယဉ်ကျေးမှုအသင်း၊ အင်းလေးကန် ရေသန့် ရရှိရေးအဖွဲ့၊ အင်းသား လူမှုရေးအသင်းနှင့် တောင်ကြီးမြို့ရှိ အင်းတိုင်းရင်းသား ၆၀ ကျော် တက်ရောက်ခဲ့သည်။

ချောင်းများမှ ပို့ချသည့် နုန်းများမှာ အဓိက ရေခန်းခြောက်ခြင်း အကြောင်းဖြစ်ပြီး ရွှေ့ပြောင်း တောင်ယာ စိုက်ခင်းများ တိုးချဲ့ စိုက်ပျိုးမှုနှင့် လူများက အမှိုက်သရိုက်များ၊ အညစ်အကြေးများ အင်းကန်ထဲသို့ စွန့်ပစ်ခြင်း စသည်တို့က ကန်တိမ်ကောစေကြောင်း အင်းလေးကန် ရေရှည် တည်တံေ့ရး အဖွဲ့ ဒု-ဥက္ကဋ္ဌ၊ အင်းသားလူမှုရေး အသင်း(တောင်ကြီး) နာယက ဒေါက်တာ ဦးချစ်ရီ က ဆွေးနွေးသွားပြီး အင်းသူ အင်းသားများ ကိုယ်တိုင် ထိန်းသိမ်း စောင့်ရှောက်ရန် လိုသည်ဟု ဆိုသည်။

အင်းတိုင်းရင်းသားရေးရာ ဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် ၎င်းအနေဖြင့် အင်းလေး ဒေသအတွင်း လုပ်ပိုင်ခွင့်မရှိလှဘဲ ၎င်းအနေဖြင့် စာရွက်ပေါ်တွင်သာ ဝန်ကြီးဖြစ်နေရပြီး ပြည်နယ်အစိုးရအဖွဲ့ကို စာဖြင့်တင်ပြပြီးမှ ဆောင်ရွက်နေရသည်ဟု ပြောသည်။ ဒေသဖွံ့ဖြိုးရေးအတွက် ဘတ်ဂျက်မရှိ၍ အင်းလေး ဒေသကို ဝင်လာတဲ့ Enter Free (ဝင်ကြေး) ၅၀ ရာခိုင်နှုန်းအား တောင်းဆိုရမည်ဟု ဆိုသည်။ အင်းလေး ဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် တင်ပြတောင်းဆိုခဲ့သော်လည်း ယခုချိန်ထိ မရသေးကြောင်း ဦးဝင်းမြင့် က ပြောဆိုသွားသည်။

ထို့ပြင် နဂါးပွက် ကျောင်းဆရာတော် ဦးတေဇဝန္တ က သြဝါဒစကား မြွက်ကြားပေးကာ အင်း စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးသက်ထွန်း၊ ပြည်နယ်ပညာရေးမှူး အငြိမ်းစားဆရာကြီး ဦးစံရွှေတို့ကလည်း အင်းသားများ၏ ပညာရေးနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြသည်။