တရုတ်အစိုးရထံမှ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA သို့ လက်နက်တပ်ဆင် ထားသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ပေးပို့ခဲ့သည်ဟူ၍ သတင်းထွက်ပေါ်လာမှုအား ဝ တပ်ဖွဲ့မှ ငြင်းဆိုလိုက် သည်။
သတင်းအချက်အလက် ကုမ္ပဏီ၏ ကာကွယ်ရေးနှင့် လုံခြံုရေး ထောက်လှမ်းမှုနှင့် သုံးသက်မှု အင်တာနက် စာမျက်နှာ တွင် ရေးသားထားသည့် “မြန်မာ ခွဲထွက်ရေးသမားများထံ တရုတ်က လက်နက်တပ်ဆင်ထား သော ရဟတ်ယာဉ်များ ပေးပို့” ဆိုသည်ကို UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က ငြင်းဆို လိုက်ခြင်း ဖြစ်သည်။
“မဟုတ်ပါဘူး။ ဟုတ်တယ်ဆိုရင်လည်း ဒီကိစ္စက ကြီးသွားမှာပေါ့။ ဒါ မဟုတ်တာ သေချာတဲ့ အကြောင်းပါပဲ။ ရဟတ်ယာဉ်တွေ တင်ပို့တယ်ဆိုရင် ဘယ်သူက မောင်းမှာလဲ။ သိလည်း မသိဘူး။ ဟုတ်လည်း မဟုတ်ဘူး။ အလကား လျှောက်ပြောနေတာပါ” ဟု မဇ္စျိမကို ပြောသည်။
တရုတ်နိုင်ငံက စစ်သုံး အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် Mil Mi-17 'Hip' အမြောက်အများကို ဖေဖော်ဝါရီလ နှောင်းပိုင်းနှင့် မတ်လဆန်းက ပေးပို့ခဲ့ပြီး ယင်းတို့တွင် ဝေဟင်မှ ဝေဟင်ပစ် TY-90 ဒုံးကျည် များတပ်ဆင်ထားသည်ဟုလည်း အစိုးရနှင့် တိုင်းရင်းသား သတင်းရင်းမြစ်များကို ကိုးကား၍ IHS က ရေးသားသည်။
အဆိုပါ မီ ၁၇ ရဟတ်ယာဉ် ၅ စင်းကို တရုတ်ပြည်မှ တိုက်ရိုက်ပေးပို့ခဲ့ခြင်း မဟုတ်ဘဲ လာအို နိုင်ငံမှ မဲခေါင်မြစ်ကို ဖြတ်သန်းကာ ပျံသန်းပေးပို့ခဲ့ခြင်းဖြစ်သည်ဟု တိုင်းရင်းသားလူနည်းစု စစ်သတင်းရပ်ကွက်အား ကိုးကား၍ရေးသားထားသည်။
သို့သော် UWSA ကို တရုတ်နိုင်ငံက ရဟတ်ယာဉ်များ ပေးပို့သည်ဆိုသော သတင်းမှာ မဖြစ်နိုင်သေးကြောင်း တရုတ်နယ်စပ်မှ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော က ဆိုသည်။
“တရုတ်ဝယ်လည်း ရတယ်။ ဝယ်လည်း ရောင်းတာကိုး။ ကျနော်လည်း အခိုင်အမာ ပြောဖို့ စောသေးတယ်။ အခြေအနေ နည်းနည်း စောင့်ကြည့်မယ်။ နိုင်ငံခြား ပေါ်လစီနဲ့ဆိုင်တော့ ကျနော်တို့ အတည်ပြုပေးလို့ မရဘူး။ ဒီကိစ္စက။ လောလောဆယ်တော့ မဖြစ်သေးဘူး။ နောက်ပိုင်းတော့ ဖြစ်လာနိုင်တာကတော့ ရှိတယ်လို့ ထင်တယ်” ဟု မဇ္စျိမကို ပြောသည်။
သူက ဆက်ပြီး “ကျနော်အမြင်နဲ့တော့ မဟုတ်ဘူးဆိုတာလည်း မပြောနိုင်ဘူး။ ရေရှည်မှာ ဖြစ်နိုင်ခြေ အလားအလာ ဖြစ်ဖို့ များတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း အဲဒီလို သဘောမျိုးရှိတယ်။ အစိုးရက ပါးစပ်က ငြိမ်းချမ်းရေး ပြောပြီး တကယ်တော့ မငြိမ်းချမ်းတဲ့ သဘော ဖြစ်တာကိုး။ ကိုယ့်အနေနဲ့လည်း ပြင်ရမယ်။ ကိုယ့်ကိုကိုယ် ကာကွယ်ရမယ်” ဟု ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း သံလွင်မြစ်၏ အနောက်ဘက်တလျှောက် အစိုးရ စစ်ကြောင်းများ လှုပ်ရှားမှုများ လည်း ရှိနေကာ ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့အား လားရှိုး-တန့်ယန်း-မိုင်းရှူး ကားလမ်း လုံခြံုရေးအတွက် ၎င်းမြို့နယ် အတွင်းရှိ စခန်းကို အစိုးရတပ်မှ ဖယ်ရှားခိုင်းခြင်းမှာလည်း စဉ်းစားစရာ ဖြစ်နေသည်ဟု သူက ဆိုသည်။
အကယ်၍ တရုတ်ပြည်မှ Mil Mi-17 'Hip' များ UWSA ရရှိခဲ့ခြင်း မှန်ပါက မြန်မာ့တပ်မတော်က ရုရှမှ မကြာမီက ရရှိထားသော တိုက်ခိုက်ရေးရဟတ်ယာဉ် Mi-24P 'Hind' gunships များကို ထိရောက်စွာ ဟန့်တားနိုင်လိမ့်မည် ဖြစ်ကြောင်း IHS က ရေးသားထားသည်။ အဆိုပါ Mi-24P တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ဖြစ်ပွါးခဲ့သည့် စစ်ဆင်ရေးများတွင် အစိုးရတပ်မှ အသုံးပြုခဲ့သည်။
၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် UWSA သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းထဲမှ စစ်အင်အား အကြီးမားဆုံး ဖြစ်ပြီး ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနှင့် တရုတ်နယ်စပ်ဒေသများတွင် အခြေစိုက်သည်။
UWSA သည် ၁၉၈၉ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ)မှ ခွဲထွက်ခဲ့သည်။