တအာင်း တပ်သား သုံးဦး အသတ်ခံရမှု၊ ပလောင်အမျိုးသမီး နှစ်ဦး အဓမ္မကျင့်ခံရမှု စစ်တပ်ကို စွပ်စွဲ

တအာင်း တပ်သား သုံးဦး အသတ်ခံရမှု၊ ပလောင်အမျိုးသမီး နှစ်ဦး အဓမ္မကျင့်ခံရမှု စစ်တပ်ကို စွပ်စွဲ
by -
မဇ္စျိမ

နေရပ်သို့ ခွင့်ဖြင့် ပြန်သွားသည့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA  ရဲဘော် သုံးဦး ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် ဆွန်ဟင်း ကျေးရွာအနီး သတ်ဖြတ်ခံရမှုနှင့် မန်တုံမြို့နယ်ရေပုံ ကျေးရွာသူ နှစ်ဦး အဓမ္မ ပြုကျင့်ခံခဲ့ရမှုများနှင့် ပတ်သက်၍ အစိုးရစစ်တပ်အား TNLA က စွပ်စွဲလိုက်သည်။

မတ်လ ၂၀ ရက်နေ့က မိဘများအား ကူညီရန် ခွင့်ဖြင့် ရွာပြန်သွားခဲ့သည့် ပန်စရီရွာမှ အသက် ၂၀ နှစ် အရွယ်ရှိကြသော ရဲဘော် မိုင်းထွန်းတင်၊ အနောက်ကင်းရွာမှ ရဲဘော် မိုင်းကျော်ခိုင်တို့၏ အလောင်းအား နမ့်ဆန်မြို့နယ် မန်ဖတ်လမ်းမကြီး အထက်နှင့် အောက်တွင် မြုပ်ထားသည်ကို တွေ့ရှိသော်လည်း ဟိုနမ်းကျေးရွာမှ ရဲဘော် မိုင်းပန်ဆေး၏ အလောင်းအား ယနေ့ထိ မတွေ့ရသေးကြောင်း ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSFL က ယနေ့ သတင်းထုတ်ပြန်ထားသည်။

ထို ပလောင် တပ်သား ၃ ဦးကို အစိုးရ တပ်ရင်း ၅၀၄ မှ နမ့်ဆန်မြို့နယ်ရှိ ဆွန်ဟင်း ကျေးရွာ အနီးတွင် ကြိုးတုတ်ဖမ်း ဆီးခေါ်ဆောင်သွားပြီးသတ်ပစ်လိုက်ကြောင်း ဒေသခံ များကို ကိုးကား၍ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ကျနော် ရဲဘော် ၃ ဦးက သူတို့ မိဘတွေကို ရွှေဖီချိန်မှာ လက်ဖက်ပြန်ခူး ကူညီပေးဖို့ ဆိုပြီးတော့ ခွင့်တောင်းပြီးပြန်တာ။ အဲဒါ ရွာကို ဖုန်းဆက်ပေးတော့ အိမ်မရောက်သေးဘူးဆိုတာနဲ့ သူတို့ကို အစိုးရက ဖမ်းဆီးပြီး အသတ်ခံရခဲ့ရတယ်” ဟု TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီး မိုင်းအောင်ကို က ပြောသည်။

အလောင်းများပေါ်တွင် ရက်စက်စွာ နှိပ်စက်ထားသည့် ဒဏ်ရာများကို တွေ့ရသည်ဟု ဆိုသည်။

ထို့ပြင် မန်တုံမြို့နယ်၊ ရေပုံကျေးရွာတွင် အခြေစိုက်နေသော အစိုးရစစ်တပ် ခလရ (၅၀၂) စစ်သားနှစ်ဦးက ရေပုံးရွာရှိ ပလောင် အမျိုးသမီးနှစ်ဦးကို ဧပြီလ ၁၉ နှင့် ၂၀ ရက်နေ့များတွင် အဓမ္မပြုကျင့်ခဲ့ကြောင်းလည်း P.S.LF ထုတ်ပြန်ချက်က ဆိုသည်။

ခလရ ၅၀၂ မှ တပ်သား တဦးက ၎င်းကျေးရွာနေ အသက် ၃၇ နှစ်အရွယ်ရှိ ရေပုံရွာသူ မုဆိုးမ မအီအီင် ၏ နေအိမ်သို့ ဧပြီလ ၁၉ ရက်နေ့က ည ၉ နာရီချိန်တွင် ဝင်ရောက်လာပြီး အဓမ္မ ပြုကျင့်ခဲ့သည့်နည်းတူ ဧပြီလ ၂၀ ရက်နေ့ကလည်း ၎င်း ခလရ ၅၀၂ မှ အခြား တပ်သားတဦးကလည်း လက်ဖက်ခူးနေသည့် အိမ်ထောင်ရှိ ကလေးမိခင် ဒေါ်အီအီ အား ဓါးဖြင့် ထောက်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း TNLA ဗိုလ်ကြီး မိုင်းအောင်ကို က ပြောသည်။

အဆိုပါ သတင်းများ မပေါက်ကြားရန် အစိုးရတပ်မှ ခြိမ်းခြောက်ပြောဆိုမှုများ ရှိထား၍ ရွာသားများက ထိုအမှုများနှင့် ပတ်သက်၍ အရေးယူပေးရန် လုပ်ဆောင်ပေးမှုများ မရှိသလို ခလရ ၅၀၂ မှလည်း အရေးယူ ဆောင်ရွက်မှု မရှိသေးကြောင်း ၎င်းက ဆိုသည်။

အစိုးရက ငြိမ်းချမ်းရေးအတွက် ဦးတည်နေသည်ဟု ပြောဆိုနေသော်လည်း တိုင်းရင်းသား ဒေသများတွင် ထိုကဲ့သို့ အစိုးရ စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုများ ဆက်လက် လုပ်ဆောင်နေခြင်းမှာ ငြိမ်းချမ်း ရေးနှင့် လုံးဝ ကွဲလွဲနေသည်ဟု ဗိုလ်ကြီး မိုင်းအောင်ကို က ထောက်ပြ ဝေဖန်သွားသည်။

Most read this week