ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် မေလဆန်းပိုင်းတွင် ပြန်လည်တွေ့ဆုံရန် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငနး်ကော်မတီ ဒု-ဥက္ကဋ္ဌမှ ကမ်းလှမ်းစာ တင်ပြထားကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။
ဝန်ကြီး ဦးအောင်မင်း က ၎င်း၏ ကမ်းလှမ်းစာကို မကြာမီက ပေးပို့ထားပြီး ဖြစ်ကြောင်း တနင်္လာနေ့ နံနက်ပိုင်းကမြန်မာ ငြိမ်းချမ်းရေးစင်တာ တွင် ပြောဆိုခဲ့သည်ဟု “KIO နဲ့ တွေ့ဖို့ကတော့ မနက်က ဝန်ကြီး ဦးအောင်မင်းက ရှင်းပြတာက သူ့အနေနဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းက မေလ ပထမပတ် မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးဖို့အတွက် အဆိုပြုလွာ ပေးထားတယ်။ KIO အနေနဲ့တော့ သူတို့ တက်ရောက်တဲ့ observer (လေ့လာသူ) တွေ ကိစ္စတွေကို ညှိနှိုင်းပြီးရင်တော့ ဆောင်ရွက်နိုင်မယ် လို့ မျှော်လင့်ထားတယ်တဲ့” ဟု ဦးလှမောင်ရွှေ က မဇ္စျိမကို ပြောသည်။
သို့သော် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဂွမ်ဂျာ အဆိုအရ ဝန်ကြီးဘက်မှ ကမ်းလှမ်းစာကို ဧပြီလ ၂၇ ရက်နေ့ထိ KIO ဘက်မှ လက်ခံမရရှိသေးဟု ဆိုသည်။
“ခုထိဘာမှ အကြောင်းမကြားလာသေးဘူး။ ဟိုတနေ့ နှစ်ရက်လောက်က ဝန်ကြီး ဦအောင်မင်းရဲ့ စာနဲ့ ပတ်သက်လို့ ကျနော် မေးကြည့်တော့ သူတို့ မရသေးဘူးလို့ ပြောတယ်။ ဒါကြောင့် ဒီည ပြန်မေးကြည့်မယ်လို့ လုပ်နေတယ်” ဟု မဇ္စိိျမကို ပြောသည်။
ပြန်လည်တွေ့ဆုံရန် ကိစ္စနှင့်ပတ်သက်၍ မဇ္စျိမက KIO ထံ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း တယ်လီဖုန်းလိုင်း များ ဆက်သွယ်၍ မရခဲ့ပေ။
ဝန်ကြီး ဦးအောင်မင်းမှာ အင်္ဂါနေ့တွင် စင်္ကာပူနိုင်ငံသို့ ဖိုရမ်တခု တက်ရောက်ရန်သွားရောက်မည် ဖြစ်ပြီး မေလ ၂ ရက်နေ့တွင်မှ မြန်မာနိုင်ငံ သို့ ပြန်လည် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။
ဧပြီလ ၆ ရက်နေ့က မြစ်ကြီးနားမြို့၌ တွေ့ဆုံရန် စီစဉ်ထားသော်လည်း လေ့လာသူများ တက်ရောက်ရန်ကိစ္စ ညှိနှိုင်းမရသေး၍ ဧပြီလ ၂၂ ရက်နေ့ နောက်ပိုင်းသို့ ပြန်လည် ရွှေ့ဆိုင်းခဲ့သည်ဟု ဦးလှမောင်ရွှေ က မကြာမီက မဇ္စျိမကို ပြောဆိုခဲ့သည်။
သို့သော် တချို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်များကမူ တရုတ်အစိုးရအနေဖြင့် အနောက်နိုင်ငံများမှ တက်ရောက်လေ့လာရန် ရှိသည်ကို သဘောမတူသဖြင့် တွေ့ဆုံမှု ရွှေ့ဆိုင်းလိုက်ရသည်ဟု သတင်းများတွင်ဖော်ပြခဲ့ကြသည်။
မတ်လ ၁၁ ရက်နေ့က KIO နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် နောက်ဆုံးတွေ့ဆုံခဲ့ပြီး တလအတွင်း ပြန်လည် တွေ့ဆုံရန် သဘောတူညီခဲ့ကြသော်လည်း ကြန့်ကြာနေဆဲ ဖြစ်သည်။