လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွင်းရှိ လယ်ယာမြေများကို ဝင်ရောက်ထွန်ယက်ရာမှ ဖမ်းဆီးခံထားရသူ ၃ ဦးအား ပြန်လွတ်ပေးရန် တောင်းဆိုသော ဒေ သခံများမှာ စီတန်း လှည့်လည်ခွင့် မတင်သောကြောင့် ဥပဒေအရ တရားစွဲသွားမည်ဟု မုံရွာခရိုင်ရဲမှူးကြီး ဦးတင်ထွန်းက မဇ္စျိမကို ပြောဆိုသည်။
လက်ပံတောင်း ကြေးနီစီမံကိန်းနယ်မြေအတွင်းရှိ လယ်မြေများအားဒေသခံများမှ ဝင်ရောက်ထွန်ယက်ရာမှ လုံခြံရေးများနှင့် အထိကရုဏ်း ဖြစ်ပွားပြီး အဖမ်းခဲ့ရသူ ၃ ဦးအားပြန်လည်လွှတ်ပေးရေးအတွက် တောင်းဆိုဆန္ဒပြရန် ဆာလင်းကြီမြို့နယ် ညောင်ပင်ကြီး ရဲစခန်းအားသွားသောလမ်းတွင် ရဲအင်အား ၃၀၀ ကျော်တို့က စည်း ၃ စည်းချ၍ ထားမြစ်ထားစဉ်။(ဓာတ်ပုံ - မဇ္စျိမ)
ခရိုင်ရဲမှူးကြီးက“ပြည်သူတွေအားလုံးက တရားဥပဒေကိုတော့ လေးစားလိုက်နာ သင့်တာပေါ့။ အခုက စီတန်း လှည့်လည်ခွင့် မတင်ဘူးဗျ။ အကြိမ်ကြိမ် ခွင့်လွှတ်ရပေါင်းလည်း များနေပြီ။ ဒီတစ်ခါတော့ ဥပဒေအရ တရားစွဲဆို သွားမှာပါ” ဟု ပြောသည်။
ရွာသားများ လယ်ထွန်ခြင်းမှာ ၂၃ ရက်နေ့က စတင်ပြုလုပ်ခဲ့ပြီး သုံးရက်မြောက် နေ့တွင် ရဲတပ်ဖွဲ့၏ တားဆီးမှုကြောင့် အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ပြီး ယနေ့တွင် ဖမ်းဆီးခံရသူ ၃ ဦးအား ပြန်လည်လွှတ်ပေး ရန်ရွာ ၁၃ ရွာမှ ဒေသခံများက ညောင်ပင်ကြီးရဲစခန်းသို့် တောင်းဆို ဆန္ဒပြ ခဲ့ကြခြင်းဖြစ်သည်။
သို့သော် တောင်းဆိုဆန္ဒပြသူများမှာ ညောင်ပင်ကြီး ရဲစခန်းသို့ မရောက်ရှိဘဲ ဝက်မှေးရွာသစ် အနီးတွင် လုံခြံုရေး အင်အား ၃၀၀ကျော်က လုံထိန်းကား ဆယ်စီးဖြင့် စည်း ၃ စည်း ခြားထားပြီး တတိယစည်းကို ကျော်ပါက ပစ်ခတ်မည်ဟု ပိုစတာထောင် ထားသောကြောင့် လှည့်ပြန်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။
တုံရွာမှဒေသခံ ကိုလတ်က “ကျွန်တော်တို့ ၁၂ နာရီခွဲလောက်စထွက်တယ်။ ဝက်မှေးကန်တောရွာသစ်ရှေ့ ကနေပြီးတော့ ကားဆယ်စီးနဲ့ လက်နက်အင်အားအပြည့်အစုံနဲ့ လုံထိန်းအင်အား သုံးရာကျော်လေးရာပါးနီး လောက်က ကားပေါ်ကနေချက်ချင်းဝုန်းဝုန်းဆင်းပြီးတော့ စပီကာတွေ စည်းတွေ ဆိုင်းပုတ်တွေကိုင်ပြီးတော့ ပထမစည်းမကျော်ရ၊ ဒုတိယစည်းမကျော်ရ၊ တတိယစည်းမကျော်ရဆိုပြီးတော့ ချက်ချင်းပိတ်လိုက်ပါတယ်” ဟု မဇ္စျိမကို ပြောသည်။
ယမန်နေ့က ဖြစ်ပေါ်ခဲ့သော အဓိကရုဏ်းတွင် ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုးအပါအဝင် ဆည်တည်ရွာမှ ကိုစိုးသူနှင့် ကိုဆန်းတို့မှာ ဖမ်းဆီးခြင်းခံထားရပြီး ဒေသခံ ၃ ဦးနှင့် လုံခြံုရေးရဲ ၁၅ ဦးတို့ ဒဏ်ရာရရှိခဲ့သည်။
ဖမ်းဆီးခံ ထားရသူများ ပြန်လွှတ်ပေးရန် ချီတက် တောင်းဆိုကြသည့် ကျေးရွာ ၁၃ ရွာမှ ဒေသခံတို့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး၊ အကြမ်းဖက် ဖြိုခွင်းမှု တရားခံများကိုဖေါ်ထုတ် ပေးရေး၊ ကိုယ့်လယ် ကိုယ်ပြန်လုပ်ခွင့်ရရှိရေး၊ ပုဒ်မ ၁၄၄ ပြန်လည်ရုပ်သိမ်းပေးရေး၊ ဖမ်းဆီးထားတဲ့ ကိုအောင်စိုး၊ ကိုစိုးသူ၊ ကိုဆန်းတို့ကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရေး တို့ကို ကြွေးကြော် ခဲ့ကြကြောင်း တုံရွာမှ ကိုလတ်က ပြောသည်။
“ကျွန်တော်တို့ဘက်ကနေပြီးတော့ ဆက်လက်ပြီးတော့ ကိုယ့်လယ်ကိုယ် ပြန်လုပ်ကိုင်ရရှိရေးနဲ့ ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေး ဖမ်းဆီးထားတဲ့ သူတွေချက်ချင်း ပြန်လွှတ်ပေးရေး ဆိုတာကိုတော့ တောင်းဆိုပြီးတော့ တိုက်ပွဲဝင်နေဦးမှာပါပဲ” ဟု သူကဆိုသည်။