ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ဒုက္ခသည် စခန်းများသို့ရောက်ရှိနေကြသော ဒုက္ခသည် များအတွက် ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကူညီထောက်ပံရေး အေဂျင်စီမှ ယာယီတဲ ၆၄၀ လုံးကို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း KOIC ( Korea International Cooperation Agency ) မှ စီမံကိန်းဒါရိုက်တာ ဒေါ်ကေသီခိုင် က ပြောကြားသည်။
ဒေါ်ကေသီခိုင် က “မိသားစု တစုကို ယာယီ ရွက်ဖျင်တဲ တလုံးစီ ပေးသွားမှာပါ။ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ကျောက်ဖြူ ၊ စစ်တွေ ၊ မြေပုံ အစရှိသော မြို့နယ်များတွင် မေလ ၁ ရက်နေ့မှာ သွားရောက် ကူညီထောက်ပံ ပေးသွားမှာပါ ။ ဒီယာယီတဲတွေ က ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် တော့ လိုအပ်တဲ့ အရာတွေ ဖြစ်မှာပါ ” ဟု ဆက်လက် ပြောကြားသည် ။
ယခုကူညီမှုသည် ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကူညီထောက်ပံရေး အေဂျင်စီ (KOIC ) က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR ) မှတဆင့် လှူဒါန်းခြင်း ဖြစ်ပြီး တန်ဘိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂သိန်း ၆သောင်း ရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ (မြန်မာ) မှ Mr.Johannes G.ten Feld ကရှင်းပြသည် ။
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများတွင် ယာယီတဲငယ်များ နှင့်နေထိုင်ရသဖြင့် မိုးရာသီတွင် ကျမ်းမာရေး ချို့ယွင်းချက်များ ၊ နေထိုင်မှု အခက်အခဲများရှိလာနိုင်ကြောင်း ကျောက်ဖြူမြို့ဒေသခံ ဦးစိုးဝင်း က ဆိုသည်။
“မိုးရာသီမှာ ဆိုရင် လေဒဏ်၊ မိုးဒဏ် ခံရတယ်။ ယာယီတဲထဲ ရေဝင်တာတို့ လေတိုက်တာတို့တွေ ခံကြရတယ်။ ရာသီဥတုဒဏ် ခံရတဲ့အတွက် ဒုက္ခသည်တွေရဲ့ ကျန်းမာရေးကလည်း စိုးရိမ်ရတယ်” ဟု ကျောက်ဖြူဒေသခံ တဦးက ပြောပြသည်။
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ ယာယီတဲများ ဖြင့်နေရမှု အပေါ်မည်သို့ ဖြစ်လာနိုင်ကြောင်း ကို နယ်စပ်ရေးရာ နှင့် တိုင်းရင်းသားဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဦးလှသိန်း က မဇ္စျိမ၏မေးမြန်းမှုကို အောက်ပါအတိုင်း ဖြေကြားခဲ့သည် ။
ဦးလှသိန်းက “ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့ရေး အဖွဲ့တွေက ဒီပစ္စည်းက ဒီနေရာ ဒီဒေသနဲ့ သင့်တော်တယ် ဆိုတာကို ကွင်းဆင်းလေ့လာပြီးမှ လှူဒါန်းကြတာပါ။ ကျန်းမာရေး ချို့ယွင်းချက်တွေ ရှိရင်လည်း ဒုက္ခသည်စခန်းတွေမှာ မြန်မာနိုင်ငံ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့အစည်းတွေ ထားရှိပေးထား ပါတယ်” ဟု ဆိုသည်။
ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကူညီထောက်ပံရေးအေဂျင်စီ KOICA မှ ပြီးခဲ့သော နှစ် ဇူလိုင်လအတွင်း ရခိုင်ပြည်နယ် ဒုက္ခသည်များထံသို့ ရွက်ဖျင်တဲများ နှင့် တာပေါ်လင်များ ပထမအကြိမ်လှူဒါန်းပေးခဲ့ပြီး ယခုတစ်ကြိမ်နှင့် စုစုပေါင်း တန်ဘိုးငွေ အမေရိကန်ဒေါ်လာ ၅ သိန်းတစ်သောင်းကျော် ရှိပြီဖြစ်ကြောင်း KOIC မှ ထုတ်ပြန်ချက်များ အရသိရှိရသည်။