ဦးသိန်းစိန်နှင့် ယင်လက် ထားဝယ်စီမံကိန်း ထပ်မံဆွေးနွေးမည်

ဦးသိန်းစိန်နှင့် ယင်လက် ထားဝယ်စီမံကိန်း ထပ်မံဆွေးနွေးမည်
by -
မဇ္စျိမ

နှစ်နိုင်ငံ ပူးပေါင်း အကောင်အထည်ဖော်နေသည့် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန် တည်ဆောက်ရေးကိစ္စကို ထိုင်းဝန်ကြီးချုပ် ယင်လက် ရှီနာဝပ်ထရာ (Yingluck Shinawatra) က သမ္မတ ဦးသိန်းစိန်နှင့် ကြာသပတေးနေ့တွင် တွေ့ဆုံဆွေးနွေးဦးမည် ဖြစ်သည်။

ဘရူနိုင်းနိုင်ငံတွင် ကျင်းပနေသည့် အာဆီယံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး တက်ရောက်စဉ် ၎င်းတို့ သီးသန့်တွေ့ဆုံ၍ စီမံကိန်း အကောင် အထည်ဖော်မှု နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများကို ဆွေးနွေးကြမည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်အား ကိုးကား၍ The Nation သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

၂၀၁၂ ခုနှစ်၊ ဒီဇင်္ဘာလလယ်က နှစ်နိုင်ငံခေါင်းဆောင်များ ကိုယ်တိုင် အတူသွားရောက် လေ့လာခဲ့သည့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ ဒေါ်လာ ၉ ဘီလီယံ တန်ဖိုးရှိပြီး ထိုင်းက ၃၅ ရာခိုင်နှှုန်း ထည့်ဝင် ရင်းနှီးမြှုပ်နှံထားသည်။

စီမံကိန်းတွင် ရေနက် ဆိပ်ကမ်း တခု၊ လျှပ်စစ် ဓါတ်အားပေး စက်ရုံများနှင့် အခြား စက်ရုံများ ပါဝင်မည် ဖြစ်သည်။ စီမံကိန်း အတွက် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှှုများထဲတွင် ထားဝယ်မှ နေ၍ ထိုင်းနိုင်ငံ နယ်စပ်ကို ဖြတ်ကာ ဘန်ကောက်မြို့အထိ ဆက်သွယ်နိုင်မည့် အဝေးပြေးလမ်းမကြီး တခု ဆောက်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံထားခြင်းလည်း ပါဝင်သည်။

ထိုင်းဝန်ကြီးချုပ်မှာ မြန်မာသမ္မတနှင့် တွေ့ဆုံခွင့်ရတိုင်း ထိုင်းနိုင်ငံ၏ အနောက်ဖက်သမုဒ္ဒရာ ထွက်ပေါက် ရနိုင်မည့် ထိုစီမံကိန်းကိစ္စကို အလေးပေး ဆွေးနွေးလေ့ရှိပြီး မကြာမီကပင် စီမံကိန်း ကြီးကြပ်ကွပ်ကွဲရန် နည်းပညာကော်မတီတရပ်ကိုလည်း ထိုင်းအစိုးရက အတည်ပြုခဲ့ပြီး ဖြစ်သည်။

ဦးသိန်းစိန်ကလည်း အိန္ဒိယနိုင်ငံသို့ သွားရောက်စဉ် ထားဝယ်စီမံကိန်းတွင် အိန္ဒိယမှလည်း ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။