မြစ်ကြီးနားတွင် CDMA ဆင်းကဒ် လျှောက်လွှာများ စတင်နေ

မြစ်ကြီးနားတွင် CDMA ဆင်းကဒ် လျှောက်လွှာများ စတင်နေ
by -
မဇ္စျိမ

ကျပ်နှစ်သိန်းဖြင့် ရောင်းချခဲ့သော CDMA 800 MHz မိုဘိုင်း ဆင်းကဒ်များကို ကျပ် ၁,၅၀၀ ဖြင့် ဝယ်ယူခွင့် ရရန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အထိ လျှောက်လွှာများ စတင်ဖြည့် သွင်းနေပြီ ဖြစ်ကြောင်း သိရသည်။

SIMထို တန်ဖိုးနည်း ဆင်းကဒ် ဝယ်လိုသူများက ရပ်ကွက် အလိုက် မြို့နယ်ရုံးသို့ လျှောက်လွာများကို ဖြည့်တင်ပြီး ဧပြီလ ၂၄ ရက်နေ့တွင် မဲစနစ်ဖြင့် ဆင်းကဒ်များ ထုတ်ပေးမည် ဖြစ်ပြီး ယနေ့ တရက်တည်းတွင်လျှောက်လွှာ ၃,၀၀၀ ခန့် တင်ပြီးကြောင်း မြို့ခံတဦးက ပြောသည်။

“ဒီနေ့ကစပြီး လျှောက်လွာတွေ ပေးနေပြီ။ ၂၄ ရက်နေ့မှ အဖြေရမယ်လို့ ပြောတယ်။ လျှောက်လွာကို ကိုယ့် ရပ်ကွက် လူကြီးကနေ ယူ၊ ဖြည့်ပြီးတော့ မြို့နယ်ရုံးကို သွားတင်ရတယ်”ဟု မြစ်ကြီးနားမြို့ခံ ကိုဂွမ်ဆန့် အောင် က မဇ္စျိမကို ပြောသည်။

ယခုလတွင် ကချင်ပြည်နယ်အတွက် ကဒ် ၄,၅၀၀ ကိုသာရောင်းချမည့် ၎င်း မိုဘိုင်း ဆင်းကဒ်မှာ Public CDMA 800 MHz ရှိသော မြစ်ကြီးနားမြို့နှင့် မိုးညှင်းမြို့များ တွင်သာ ပြောဆိုနိုင်မည် ဖြစ်ပြီး အခြားတိုင်းနှင့်
ပြည်နယ်များသို့ သယ်ဆောင်သွားပါကလည်း CDMA 800 MHz ရှိသော နေရာများတွင် သာ ပြောဆိုနိုင် သည်ဟုပြည်နယ် အစိုးရက အသိပေးထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ CDMA 800 MHz အောက်တွင် ပြောဆိုရ ရမည် မဟုတ်သော်လည်း အခြား မိုဘိုင်း/အောတိုဖုန်းများနှင့် ဆက်သွယ်ပြောဆိုနိုင်မည် ဖြစ်သည်။

လာမည့် လများတွင်လည်း ဆက်လက် ဖြန့်ချီသွားမည်ဟု ပြည်နယ်အစိုးရက ကြေညာသည်။

မြစ်ကြီးနား မြို့ခံအများအပြား လာရောက် လျှောက်လွှာ တင်နေကြသော်လည်း သာမန် အရပ်သား အနည်း အကျဉ်းသာ ရရှိနိုင်ပြီး အစိုးရ ဝန်ထမ်းများသာ ရနိုင်ခြေများမည်ဟု ဒေသခံများက ခန့်မှန်းနေကြသည်။

၎င်း ၁,၅၀၀ တန် ဆင်းကဒ် ဝယ်ယူပြီးသည့် ၁၅ ရက်အတွင်း အနည်းဆုံး ကျပ် ၅,၀၀၀ ငွေပြည့်သွင်းရန် လိုအပ်မည် ဖြစ်ကာ အကယ်၍ မဖြည့်သွင်းနိုင်ပါက ဖုန်းကဒ်သည် အလိုအလျောက် ပိတ်သိမ်းသွားမည်ဖြစ် ကြောင်း ဧပြီလ ၃ ရက်နေ့က နိုင်ငံပိုင် ရုပ်သံသတင်းတွင် ကြေညာခဲ့သည်။

နိုင်ငံတဝှန်း တလလျှင် ဆင်းကဒ် အရေအတွက် ၃ သိန်းခွဲ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Most read this week