ရွှေဂတ်စ်ပိုက်လိုင်း လမ်းကြောင်းပေါ်ရှိ ဒေသတွင်း တိုင်းရင်းသားပါတီအချို့နှင့် လွှတ်တော်တွင်
ကိုယ်စားလှယ်အဖြစ် အများအပြား တက်ရောက်နေကြသော ပါတီများအား တရုတ် ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဖိတ်ခေါ်ထားကြောင်း ဖိတ်ကြားခံရသည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ ဥက္ကဌ ဒေါက်တာအေးမောင် ကပြောသည်။
တရုတ် CNPC ကုမ္ပဏီအား မဒေးကျွန်းနေ ဒေသခံများက ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့က ဆန္ဒပြနေကြစဉ်။ (ဓာတ်ပုံ - သိန်းလှိုင်၊ မဇ္စျိမ) ကျောက်ဖြူမှ တရုတ်ပြည်သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက် နေသည့် CNPC အနေနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ပေးရန်နှင့် အသိမ်းခံမြေများအတွက် လျော်ကြေးပေးရန် စသည်တို့ကိုတောင်း ဆိုကြသည်။
၎င်းက “ ပိုက်လိုင်းလမ်းကြောင်းမှာ ရှိတဲ့တိုင်းရင်းသားပါတီတွေ ခေါ်တာပဲလေ။ ရခိုင်ရှိမယ်။ ရှမ်းရှိမယ်။ ပြီးတော့
ပြည်မမှာရှိတဲ့ အနိုင်ရတဲ့ NDF နဲ့ တစညကို ခေါ်တာပါ” ဟု ဆိုသည်။
ထိုသို့ ဖိတ်ကြားထားခြင်းခံရသော ပါတီများမှာ အမျိူးသားဒီမိုကရေစီ အင်အားစု (NDF) ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည) ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) တို့ ပါ၀င်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။
တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီအနေဖြင့် စစ်အစိုးရ လက်ထက် ၂၀၀၉ ခုနှစ်စ၍ ကျောက်ဖြူ-ကူမင်း ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းများ သွယ်တန်းခြင်း စီမံကိန်းကြီးအား စတင်ဆောင်ရွက်ခဲ့ကာ ရခိုင်ပြည်နယ်မှစ၍ ရှမ်းပြည်နယ် မြောက်ပိုင်းမှ တဆင့်တရုတ်ပြည်သို့ ပိုက်သွယ်တန်းကာပေးပို့မည် ဖြစ်သည်။
ယခုတရုတ်အစိုးရဘက်မှ ဖိတ်ခေါ်ခြင်းသည် တိုင်းရင်းသား ဒေသအတွင်းရှိ စီးပွားရေး စီမံကိန်းများ နှင့် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးရေးအား ဦးတည်ခြင်း ဖြစ်နိုင်ကြောင်း ဒေါက်တာအေးမောင်က သုံးသပ်သည်။
အဆိုပါ အဖွဲ့သည်ဧပြီလ ၂၀ ရက်နေ့ နေ့လည် ၁၁၂နာရီခန့်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းတွင်လေး ရက်နှင့် ပီကင်း တွင် လေးရက် သွားရောက်ကြမည် ဖြစ်ကြောင်း သိရသည်။
ထို့သို့ သွားရောက်ခြင်းမှာလည်း လေ့လာရန်သာဖြစ်ကြောင်း၊ သံတမန်အနေဖြင့် သွားရခြင်းမဟုတ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) မှ အတွင်းရေးမှူး ဦးစိုင်းလှကျော်က ပြောသည်။
၎င်းက “ လွှတ်တော်နဲ့ သိပ်ဆက်စပ်မှု မရှိပါဘူး။ သံတမန်ပတ်စ်ပို့နဲ့ မဟုတ်ဘူး။ အခုက ကိုယ် ကိုင်ပတ်စ်ပို့နဲ့ ကိုလေ့လာရေးအနေနဲ့ ဖိတ်လို့ သွားကြမှာပါ ” ဟု ဆိုသည်။
အဆိုပါ နိုင်ငံရေးပါတီများ၏ တရုတ်ပြည်ခရီးစဉ်သည် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ စီးပွားရေး အမြင် လွဲမှားခြင်းအား တရုတ်နိုင်ငံဘက်မှ ပြန်တည့်ချင်သည့် ပုံပေါ်ကြောင်း အမျိူးသား ဒီမိုကရေစီ အင်အားစု (NDF) မှ ဥက္ကဌ ဦးခင်မောင်ဆွေက သုံးသပ်သည်။
ဦးခင်မောင်ဆွေက “ အစဉ်အဆက် ကျင့်သုံးခဲ့သလို နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးပါတီတွေ့ခြင်းဟာ ပြည်သူနဲ့
ပြည်သူတွေ့တဲ့ သဘောပါပဲ။ တရုတ်ပြည်ဟာ မြန်မာပြည်သူတွေကို ပိုပြီး ဆက်ဆံဖို့ ငြင်းပယ်လို့မရဘူး ဆိုတာ တွေ့ရပါတယ် ” ဟု သုံးသပ်သည်။
ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်း၌ ရုံးစိုက်လျက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းနေသော တရုတ်နိုင်ငံ CNPC ကုမ္ပဏီအား ဒေသခံရွာသား ၈၀၀ ခန့်က ကြာသပတေးနေ့ ညနေတွင် စီတန်း လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။
၎င်းတို့၏ တောင်းဆိုချက်များထဲတွင် သိမ်းဆည်းခံ မြေများ လျော်ကြေးပေးရေး၊ ဒေသဆိပ်ကမ်းများမှ ရွာများသို့ လမ်းများ ဖောက်ပေးရေး၊ ဒေသခံများ အလုပ်အကိုင်ရရှိရေးနှင့် လုပ်အားခကို နိုင်ငံတကာ စံနှုန်းအတိုင်း ပေးရေး၊
လျှပ်စစ်မီး ရရှိရေး၊ ရပ်ရွာလုံခြံုရေး၊ လွတ်လပ်စွာ ငါးဖမ်းခွင့် ရရှိရေး၊ နောက်ထပ် မြေသိမ်းမှုများ မပြုရေး တို့ပါဝင်သည်။