မြန်မာနိုင်ငံ မြောက်ပိုင်းရှိ တအာင်း(ပလောင်) ဒေသတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေပြီး စပ်များမှ အင်အားများ ထပ်မံတိုးချဲ့ နေကြောင်း တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့မှ တွဲဖက် အထွေထွေအတွင်းရေး မှူး မိုင်မျိုးအောင်က တော်ဝင်နှင်းဆီတွင် ဧပြီလ ၉ ရက်နေ့ က ပြုလုပ်ခဲ့သည့် ရွှေသဘာဝ ဓါတ်ငွေ့နှင့်ရေနံပိုက် လိုင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
၎င်းက “ သီပေါနားမှာတော့ စစ်တပ်တွေ ရုပ်သိမ်း လိုက်ပြီဆိုပေမယ့် တကယ် လိုအပ်တဲ့နေရာ မူးယစ်ဆေးဝါး သုံးစွဲနေကြတဲ့ အတော်ဆိုးဝါး တဲ့ နေရာတွေမှာ စစ်တပ်တွေက ရှိနေသေးတယ်ဗျ။ သူတို့က ထိန်းပေးလားဆိုတော့ မထိန်းပေးတဲ့ အပြင် ပိုတောင်ဆိုးလာတယ်လို့ ထင်ရတယ် ” ဟု မဇ္စျိမသို့ ပြောသည်။
စစ်တပ်မှ စစ်သားများက ဒေသခံများကို လေးစားစွာ ဆက်ဆံခြင်းမရှိပဲ လုပ်ငန်းခွင်သွားသူများကို လည်းမလိုအပ်ပဲ စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်နေကြောင်း၊ တရားဥပဒေ စိုးမိုးမှုမှာ စီမံကိန်း ၀န်းကျင်တို့တွင် လိုအပ်လျက် ရှိကြောင်းနှင့် စစ်တပ်အင်အားများ တိုးချဲ့လျက်ရှိကြောင်း တွဲဖက်အထွေထွေ အတွင်းရေးမှူးက ပြောကြားခဲ့သည်။
သဘာဝ ဓါတ်ငွေ့ပိုက်လိုင်းများမှာ မြန်မာနိုင်ငံ၏ အလယ်မှ ဖြတ်ကာသွယ်တန်းထားသောကြောင့် လုံခြံုမှု မရှိပါက အခက်တွေ့မည်ဖြစ်ပြီး တရုတ်ကုမ္ပဏီဘက်မှ စီးပွားရေးကို ထိခိုက်စေသည်ဟု ယူဆပါက နိုင်ငံ၏ အချူပ်အချာအာဏာ အထိထိပါးလာနိုင်သည်ဟု ယူဆကြောင်း ၎င်းက ဆိုသည်။
အဆိုပါစီမံကိန်း အနီးအနားတွင် စစ်တပ်များ တိုးချဲ့ထားသောကြောင့် ဒေသခံများအတွက် ကြောက်ရွံ့မှုများ ပိုမိုဖြစ်ပေါ်လာစေကြောင်း တအာင်ကျောင်းသားနှင့် လူငယ်များအဖွဲ့မှ အလုပ်မှုဆောင် အဖွဲ့ဝင် မလွေးကွယ်က ဆိုသည်။
၎င်းက “ကျွန်မတို့ တအောင်းတိုင်းရင်းသားတွေ ကတော့ များသောအားဖြင့် ကိုယ်ခံစားရတာတွေ ကိုလဲ မပြောတတ်ကြပါဘူး။ ပိုက်လိုင်း ဆက်သွယ်ကတည်းက အခုထိ ကျွန်မတို့ ကောင်းကျိုးကတော့ မရှိသေးပါဘူး” ဟု ရှင်းပြသည်။
ထိုသတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသူ တအောင်းအမျိူးသမီး တဦးက ရွှေသဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း စတည်ကတည်းက ဒေသခံ အမျိူးသမီးများအတွက် လုံခြံုမှု လိုအပ်နေပြီး ၀ယ်ယူသော ပစ္စည်းများပြားပါက စစ်တပ်များမှ စစ်သားများက စစ်ဆေးကြပြီး မေးခွန်းများစွာ မေးကြသည်ဟု ၎င်း၏ အတွေ့အကြံုကိုရှင်းလင်းခဲ့ သည်။
တရုတ် မြန်မာ သဘာဝဓါတ်ငွေ့ ရေနံပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီမှ ကိုအိုလာကမြေယာ လျော်ကြေးနှင့် ပတ် သတ်ပြီး မမျှတခြင်းများ ရှိကာ သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုများဖြစ်ပေါ်လာကြောင်း ဆိုသည်။
ကိုအိုလာက “ကျွန်တော်တို့က ဒေသခံတွေအတွက် တရုတ်ကုမ္ပဏီနဲ့ ဆွေးနွေးခဲ့တယ်။ မှတ်တမ်းတွေ ရယူခဲ့တယ်။ ဘယ်မှာတော့ ဘာတွေ လုပ်နေလဲ ဆိုတာတွေကို သိဖို့လိုတယ်။ သူတို့ဘက်က ပွင့်လင်းမြင်သာမှု မရှိရင်တော့ ဘာမှ အလုပ်မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။
ပိုက်လိုင်းများမှ မတော်တဆ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာပါက တာဝန်ယူမှု အပိုင်းများ၊ အရေးပေါ် ပြုစုရေး ပစ္စည်းများ စုံလင်မှု ရှိမရှိနှင့် ပိုက်လိုင်းများ ကြံ့ခိုင်မှု ရှိမရှိကို စောင့်ကြည့်ရန် လိုကြောင်း ၎င်းက ဆက်ပြောသည်။
၂၀၀၈ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်တို့တွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ အကြီးဆုံး ပေါင်းစည်း စွမ်းအင်ရေနံ ကုမ္ပဏီ တခုဖြစ်သည့် တရုတ်အမျိူးသားရေနံ ကုမ္ပဏီ (CNPC) နှင့် မြန်မာ့စွမ်းအင် ၀န်ကြီးဌာန တို့က မြန်မာတရုတ်ဓါတ်ငွေ့ ပိုက်လိုင်းဖြင့် ဓါတ်ငွေ့ သယ်သူပို့ဆောင်ရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ကြကြောင်း၊ မြန်မာအစိုးနှင့် နားလည်မှု သဘောတူ စာချွန်လွှာအရ ရေနံနှင့် ဓါတ်ငွေ့ ပိုက်လိုင်း အရှည် ကီလိုမီတာ ၄၀၀၀ ကျော်ကို CNPC မှ တည်ဆောက်၊ စီမံခန့်ခွဲ၊ လည်ပတ်လုပ်ဆောင် မည်ဟု ပါရှိကြောင်း တအောင်းကျောင်းသားနှင့် လူငယ်များ အစည်းအရုံး၏ စီမံကိန်း အချက်အလက်များ သုတေသန ပြုချက်အရ သိရသည်။
ရွှေသဘာဝ ဓါတ်ငွေ့နှင့် ရေနံပိုက်လိုင်း စီမံကိန်းများသည် ဘင်္ဂလားပင်လယ်အော်ရှိ မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်း ရခိုင်ပြည်နယ်မှ မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှ ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ဖြတ်သန်းကာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မ ဆီသို့ ဆက်သွယ်ထားသည်။
အဆိုပါရေနံပိုက်လိုင်းမှာ ၂၀၀၉ ခုနှစ်တွင် စီမံကိန်းစတင်ခဲ့ပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာလ တွင် ပြီးစီးတော့ မည် ဖြစ်ကြောင်းနှင့် ယခုအခါ ၆၅ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း စီမံကိန်းအား သုတေသနပြု အချက်အလက်များ အရ သိရသည်။