မြန်မာနိုင်ငံ အရှေ့ပိုင်း ကရင်ဒေသတွင် မြေမြှုပ်မိုင်း အသုံးပြုခြင်းကြောင့် ၂၀၁၂ ခုနှစ် သြဂုတ်လမှ ၂၀၁၃ ခုနှစ် မတ်လထိ လူ ၉ ဦးထက်မနည်း သေဆုံးပြီး ၉ ဦးထက်မနည်း ကိုယ်လက်အင်္ဂါ ချို့ယွင်းသည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း ကရင် လူ့အခွင့်အရေးအဖွဲ့ (KHRG) က ပြောသည်။
KHRG မှ ကွင်းဆင်းလေ့လာခဲ့သည့် တနင်္သာရီ၊ သထုံ၊ ဘားအံ၊ ဒူးပလာယာ၊ ဖာပွန်၊ ညောင်လေးပင်နှင့်
တောင်ငူ (တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း) ဒေသ ရ ခုအနက် မြေမြှုပ်မိုင်းကြောင့်
သေဆုံး ဒဏ်ရာရသူ အများဆုံးမှာ ဒူပလာယာခရိုင်၊ ဖာပွန်၊ ညောင်လေးပင် ဒေသ ဖြစ်သည်ဟု KHRG ၏ ကွင်းဆင်း ဒါရိုက်တာ စောအဲလ်ဘတ် (Saw Albert) က ပြောသည်။
၎င်းက “ဒီလွန်ခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာတင် တပ်မဟာ ၅ (ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်) မှာ ၅ ယောက်၊ တပ်မဟာ ၃ (ညောင်လေးပင်ခရိုင်) မှာ ၃ ယောက် မိုင်းထိတယ်။ ခြေထောက်ပြတ် ဒဏ်ရာရတဲ့လူတွေ များတယ်” ဟု ပြောသည်။
KHRG ကွင်းဆင်း လေ့လာရာဒေသသည် အစိုးရတပ်နှင့် ကရင် လက်နက်ကိုင်အဖွဲ့များ စစ်ရေး ပဋိပက္ခ ဖြစ်ပွားခဲ့ရာဒေသ ဖြစ်ပြီး ယင်းလက်နက်ကိုင် အဖွဲ့များသာမက ဒေသခံများကပါ မြေမြှုပ်မိုင်းများကို အသုံးပြုကြသည်ဟု KHRG ၏ မြေမြှုုပ်မိုင်း ဆိုင်ရာ သတင်းအချက်အလက် ပြောရေးဆိုခွင့် ရှိသူ မခူခူဂျူး က ပြောသည်။
“ရွာသားတွေက သူတို့ကိုယ်တိုင်လည်း မိုင်းခင်းတာ ရှိတယ်။ တချို့ရွာတွေမှာဆိုရင် ကော်မတီတွေ ဖွဲ့ပြီးတော့ သူတို့ကို သူတို့ ကာကွယ်ဖို့အတွက်တောင် အသုံးပြုတဲ့ အခြေအနေမျိုးကို တွေ့ရတယ်” ဟု သူက ပြောသည်။
တနင်္လာနေ့တွင် KHRG က ၂၀၁၂ ခုနှစ် သြဂုတ်လမှ ၂၀၁၃ ခုနှစ် မတ်လထိ ကွင်းဆင်းလေ့လာခဲ့သည့် မှတ်တမ်းများကို စုစည်းပြီး စာမျက်နှာ ၂၄ မျက်နှာပါ သတင်း အချက်အလက် အစီရင်ခံစာ တစောင်ကို ထုတ်ပြန်ခဲ့သည်။
ထိုသတင်း အချက်အလက်သည် ၂၀၁၂ ခုနှစ် မေလတွင် အင်္ဂလိပ် ဘာသာဖြင့် ထုတ်ပြန်သည့် Uncertain Ground ‘စိတ်ချသေချာမှု မရှိသောမြေ’ အစီရင်ခံစာ၏ နောက်ဆက်တွဲ ဖြစ်ပြီး တွေ့ဆုံမေးမြန်းမှု ၄၄၂ ခုတွင် မြေမြှုပ်မိုင်းနှင့် ပတ်သက်သည့် တွေ့ရှိချက် ၉၁ ခုမှ ၁၉ ခုကို အထောက်အထား ဓါတ်ပုံနှင့် တကွ ကောက်နှုတ် တင်ပြထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့တောင်းပိုင်းရှိ ပြည်နယ်များတွင် နေရာအနှံ့အပြား မြေမြှုပ်မိုင်းများ ရှိနေခြင်းကြောင့် ဒုက္ခသည် ငါးသိန်းခန့် နေရပ်မပြန်နိုင်သေးကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောသည်။
မြေမြှုပ်မိုင်း အသုံးပြုခြင်းကြောင့် လူအသေအပျောက် အများဆုံးနိုင်ငံတွင် မြန်မာနိုင်ငံသည် တတိယ
မြောက်နိုင်ငံ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံတကာ မြေမြှုပ်မိုင်း တားဆီး ကာကွယ်ရေးအဖွဲ့ (ICBL) က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းကြောင့် ၂၀၁၁ ခုနှစ်အတွင်း လူဦးရေ ၂၇၄ ဦး သေဆုံးခဲ့ပြီး မြေမြှုပ်မိုင်းကြောင့် လူဦးရေ ၁၀၀ နှင့် အထက် သေဆုံးသည့် နိုင်ငံများအနက် ပဥ္စမမြောက်နိုင်ငံ ဖြစ်ကြောင်း ဧပြီ ၄ ရက်နေ့က ရန်ကုန်မြို့ Myanmar Peace Center ၌ ကျင်းပခဲ့သည့် ၁၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း အသိမြှင့်တင်ရေးနေ့ အခမ်းအနားတွင် မြေမြှုပ်မိုင်းနှင့် ပတ်သက်၍ လှုပ်ရှားဆောင်ရွက်နေသူများက ပြောကြားခဲ့သည်။
ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၅၆ နိုင်ငံက မိုင်း အသုံးမပြုရေး စာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး၊ လက်မှတ် မထိုးသည့် နိုင်ငံ ၃၉ နိုင်ငံတွင် အမေရိကန်၊ တရုတ်၊ ရုရှားနှင့်အတူ မြန်မာနိုင်ငံလည်း ပါဝင်သည်။