မြန်မာနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်းတွင် လုပ်ကိုင်ခွင့်နှစ်နေရာအတွက် လိုင်စင်လျှောက်ထားခြင်းအား ကြိုတင် အရည်အချင်းစစ်ဆေးခြင်း နောက် ဆုံးအချိန်တွင် အင်အားကြီး နိုင်ငံတကာ ကုမ္ပဏီနှစ်ခုတို့ ပူးပေါင်းကာ ဖက်စပ်ကုမ္ပဏီတခု ထူထောင်လိုက်ခြင်းဖြင့် ပြိုင်ဆိုင်မှုအရှိန် မြင့်တက်လာခဲ့ သည်။
ကမ္ဘာ့အကြီးဆုံး မိုဘိုင်း ကုမ္ပဏီကြီး နှစ်ခုဖြစ်သည့် Vodafone နှင့်China Mobile တို့ ပူးပေါင်းကာဖက်စပ် ကုမ္ပဏီတခု တည်ထောင်ခြင်းဖြင့်် မြန်မာ့ဆက်သွယ်ရေး စျေးကွက်အတွင်း ဝင်ရောက်ခွင့်ရရန်ကြိုးစားလိုက် ကြသည်။
မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း စျေးကွက်ကို ၂၀၀၈ ခုနှစ်ကတည်းက စိတ်ဝင်စားနေသည့် အိုင်ယာလန် ကုမ္ပဏီတခု ဖြစ်သော Digicel ကုမ္ပဏီက ဆာ့ဂျ်ပန်း၏ မြန်မာနိုင်ငံမှ Yoma Holdings ကုမ္ပဏီ၊ ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ်၏ Quantum Strategic Partners Ltd တို့နှင့် တချိန်တည်းမှာပင် ပူးပေါင်းခဲ့ကြသည်။
“မကြာသေးခင်က ဖြေလျှော့မှုတွေပေးခဲ့ပြီး ကမ္ဘာပေါ်မှာ တယ်လီဖုန်း သိပ်သည်းဆ အရမ်းနည်းနေတဲ့နိုင်ငံတနိုင်ငံ ဖြစ်တဲ့ မြန်မာ့စျေးကွက်ထဲကို ဝင်ရောက် ရာမှာ Digicel က အောင်မြင်မှု ရှိထားပါတယ်” ဟု ကုမ္ပဏီပိုင်ရှင် ဒင်းနစ်အိုဘရိုင်ရန် က ကြေညာချက်တခုတွင် ပြောကြားသည်။
“မြန်မာနိုင်ငံမှာ လက်ရှိ မိုဘိုင်းသုံးစွဲနှုန်းက ၁၀ ရာခိုင်နှုန်းအောက်မှာပဲ ရှိပါတယ်။ ကမ္ဘာ့အဆင့်ဝင် တယ်လီဖုန်း ကွန်ယက်တခုထွက်ပေါ်လာဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်လို့ ခံစားရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးစျေးကွက် ဖြေလျှော့ပေးမှုသည် တိုင်းပြည်၏ စီးပွားရေးကို နိုးထလာစေလိမ့်မည်ဟု ဆိုးရော့စ် ကဆိုသည်။ ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ကို ဇွန်လတွင် ကြေညာမည်ဖြစ်ပြီး လိုင်စင်ရရှိပါက မြန်နိုင်ငံ၌ မိုဘိုင်း ကွန်ယက်တည်ဆောက်ကာ လုပ်ငန်းလုပ်ခွင့် ၁၅ နှစ် ရရှိမည် ဖြစ်သည်။
“လုပ်ခွင့်လိုင်စင် ပေးတာက မိုဘိုင်းဝန်ဆောင်မှု စျေးကွက်ကြီး ဖြစ်ပေါ်ပြီး မြန်မာ့လူမှုရေးနဲ့ စီးပွားရေး ဖွ့ံဖြိုးမှု အရှိန်ကောင်းဖို့ အခွင့်အရေး တရပ်ပါပဲ” ဟု Vodafone နှင့် China Mobile တို့၏ ပူးတွဲ ကြေညာချက်တွင် ဖေါ်ပြခဲ့သည်။